Home လူမှုစီးပွါးရေး ရခိုင် တစ်ပြည်နယ်လုံးမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေလို့ ဒေသခံတွေ အခက်တွေ့နေ

ရခိုင် တစ်ပြည်နယ်လုံးမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေလို့ ဒေသခံတွေ အခက်တွေ့နေ

71
0

CNA၊ ဧကရီ။

ရခိုင်တွင် တစ်ပြည်နယ်လုံး အတိုင်းအတာအနေနဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ဒေသခံတွေမှာ သွားလာရေးနဲ့ စား၀တ်နေရေးအတွက် ပိုမို ကျပ်တည်းလာတယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့ကတည်းက အင်တာနက်နဲ့ ဖုန်းလိုင်းတွေ စတင် ပြတ်တောက်သွားတာဖြစ်ပြီးဒီနေ့မှာ ၁လ ပြည့်ခဲ့ပြီလည်းဖြစ်ပါတယ်။

အဲဒီ အတွက် ဒေသခံ အများအပြားမှာ အဆက်အသွယ်တွေ ပြတ်တောက်သွားပြီး ငွေကြေးအပိုင်းမှာလည်း ခက်ခဲနေကြရပါတယ်။

မင်းပြားဒေသခံ အမျိုးသမီး တစ်ဦးက” ကျမတို့မှာက အိမ်မှာ တခြားအလုပ်လေ့ မရှိပါဘူး။ ထိုင်းမှာရှိတဲ့ ကျမ အကိုက ငွေထည့်ပေးမှ စားနေရတာ။ သူဆီက ငွေက ၁၁ လပိုင်း ၁၀ ကျော် လောက် ကျရင် ထည့်ပေးဖို့ပြောထားတာ။ အခုက ဖုန်းလိုင်းတွေ ပြတ်သွားတော့ ဘာမှ မရလိုက်ဘူး။ “ လို့ ပြောပါတယ်။

တဖက်မှာလည်း နိုင်ငံခြား ဝင်ငွေတွေအပြင် ဆက်သွယ်ရေး ပိုင်းကလည်း ကြပ်တည်း လာတဲ့အတွက် ဒေသတွင်း ဆက်သွယ်မှုမှာလည်း အခက်အခဲ ကြုံနေကြရပါတယ်။

“ဖုန်းလိုင်း ရတယ်လို့ ကြားရင် တော့ ကိုယ့်မြို့ကနေ တခြားမြို့ကို သွားဆက်ကြတာပေါ့လေ။ ပိုက်ဆံတွေကလည်း အရမ်းကုန်တယ်။ ခရီးစရိတ်က လွယ်တာ မဟုတ်ဘူး။ “ဟု မြောက်ဦး ဒေသခံ အမျိုးသမီးက ပြောပါတယ်။

အဲဒီအတွက် ဒေသခံတွေ အနေနဲ့ ဖုန်းလိုင်းနဲ့ အင်တာနက် လိုင်းတွေပြန်လည် ရရှိဖို့ကို လိုလားနေကြပါတယ်။

“အခုခေတ် စား၀တ်နေရေးဆိုတာ အလုပ်အကိုင်ရှိမှ ဗိုက်ပြည့်တာ။ ဖုန်းလိုင်း ဖြစ်ဖြစ် ပြန်ရစေချင်တယ်။ အခုမှ မျက်စီးတွေ နားတွေ ကန်းနေသလိုပါပဲ။ တော်တော် ဒုက္ခရောက်ပါတယ်။ “ ဟု ကျောက်တော်မှ ဒေသခံ တစ်ဦးက ပြောပါတယ်။

ရခိုင်မှာ ဖုန်းလိုင်း အင်တာနက်လိုင်း တွေဟာ နေရာတချို့မှာသာ ရရှိနေတာ ဖြစ်ပြီး ဒီလို ဖုန်းလိုင်း အင်တာနက်လိုင်းပြတ်တောက်သွားရတာဟာ အမ်းမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲကြောင့် အမ်း-ပဒါန်းလမ်းမှာရှိ တာဝါတိုင်ကို စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ထိမှန်ပျက်စီးခဲ့ရတာကြောင့် အခုလို ဖုန်းလိုင်းတွေ ပြတ်တောက် သွားတာဖြစ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here