CNA။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ မြေလတ်အသံသတင်းဌာနက သတင်းထောက် မငြိမ်းချမ်းစုကြည်နဲ့ သူမရဲ့ပါတနာ ဖြစ်တဲ့ Transgender အမျိုးသမီးတို့ကို ကိုယ်ထိလက်ရောက် အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး Myanmar Journalists Club (MJC)အပါအဝင် အဖွဲ့အစည်း ၉ဖွဲ့က ရှုတ်ချကြောင်းထုတ်ပြန်လာပါတယ်။
Myanmar Journalists Club (MJC)၊ Asia Youth’s Associations – AYA၊ LGBT Alliance – Myanmar၊ Politics for Women Myanmar၊ Rosy Women’s Union (Dawei)၊ Sisters 2 Sisters၊ Women Alliance Burma၊ Women’s Organization of Political Prisoners – WOPP၊ Youth Union – လူငယ်များသမဂ္ဂတို့က ပူးတွဲထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၄ရက်နေ့၊ ညပိုင်းတုန်းက သတင်းထောက် မငြိမ်းချမ်းစုကြည်နဲ့ သူမရဲ့ပါတနာ ဖြစ်သူတို့ဟာ အင်တာနက်ဆိုင်မှာ အင်တာနက်အသုံးပြုရင်း အလုပ်တာဝန်ထမ်းဆောင်နေစဉ်မှာ ကိုဝင်းကျော် ဆိုတဲ့ အမျိုးသား တစ်ဦးက ကိုယ်ထိလက်ရောက် အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
အကြမ်းဖက်ခံနေရချိန် အနီးဝန်းကျင်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရှိနေပေမယ့် ဝင်ရောက်တားဆီးဖျန်ဖြေခြင်းမရှိတဲ့အပြင် ကျူးလွန်ခံရသူ တွေကိုသာပြောဆို နှင်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသမီးတွေကိုနှုတ်အားဖြင့်သော်လည်းကောင်း ၊ ကိုယ်ထိ လက်ရောက်သော်လည်းကောင်း အကြမ်းဖက်တိုက်ခိုက်မှုအားလုံးကို “ခြွင်းချွက်မရှိ” ရှုတ်ချပြီး မသိကျိုးကျွံပြုခဲ့ သူတွေ၊ ဝင်ရောက်မဟန့်တားခဲ့သူ တွေကိုလည်း ရှုတ်ချတယ်လို့ အဖွဲ့အစည်း ၉ဖွဲ့ကထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်ခံရသူတွေရဲ့ လုံခြုံရေးကိုလည်း အထူးစိုးရိမ်ပူပန်မိပြီး ကျူးလွန်ခံ ရသူတွေဘက်က အပြည့်အဝ ထောက်ခံရပ်တည် ကူညီသွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
အလားတူ မြေလတ်အသံသတင်းဌာနကလည်း အရာတော်မြို့နယ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တပ်ရင်းနဲ့ သင်ဆိုင်ရာ ပကဖ၊ ပအဖ၊ ပလဖ တွေအနေနဲ့ တရားမျှတမှုရှိရှိ ဆောင်ရွက်ပေးဖို့နဲ့၊ သတင်းထောက်ငြိမ်းချမ်းမေနဲ့ ပါတနာအမျိုးသမီးတို့ကို လုံခြုံမှုရရှိစေရေး ကူညီဆောင်ရွက်ပေးဖို့ ဒီဇင်ဘာ ၁၅ရက်နေ့မှာ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
လက်ရှိမှာတော့ ကျူးလွန်သူ ကိုဝင်းကျော်ဆိုသူကို မြို့နယ် ပလဖက ဖမ်းဆီးခဲ့ပေမယ့် မနေ့ ဒီဇင်ဘာ ၁၆ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းထောက် မငြိမ်းချမ်းစုကြည်က သူမရဲ့ လူမှုကွန်ရက်စာမျက်နာကနေ မနေ့က အသိပေးထားပါတယ်။
မြို့နယ် ပလဖဟာ တရားလိုရဲ့ အသံကို သေချာနား မထောင်ခဲ့ပေမယ့် တရားခံရဲ့ အသံကိုတော့ သေချာနားထောင်ခဲ့တယ်လို့လည်း မငြိမ်းချမ်းစုကြည်က ဆိုပါတယ်။
ဒါ့အပြင် မြို့နယ်ပလဖက လိုအပ်ခဲ့တဲ့ ပုဒ်မတစ်ခုကို ထပ်တင်ဖို့ မြို့နယ်ပလဖရုံးကို ထပ်သွားခဲ့ပေမယ့် မြို့နယ် ပလဖ တာဝန်ခံက ပုဒ်မကို တပ်မပေးတဲ့အပြင်ပြစ်မှုမမြောက်ဘူးလို့ ပြောဆိုခဲ့တယ်လို့လည်း မငြိမ်းချမ်းစုကြည်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက် ၁၁ ဦး သေဆုံးခဲ့တယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့က ထုတ်ပြန်ထားပြီး၊ ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ အဖြစ် သတ်မှတ်ခံထားရပါတယ်။
ပုံ – သတင်းထောက် မငြိမ်းချမ်းစုကြည်