မနေ့က ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လယ်လောက်မှာ သံတွဲမြို့နယ် အတွင်းက အမှတ် ၇ ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးမှုရှိခဲ့ရသလို ဒေသခံပြည်သူတစ်ဦးဟာလည်း သေဆုံးခဲ့ရတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေကပြောပါတယ်။
သေဆုံးသွားတဲ့ သူမှာ အဲဒီ အမှတ် ၇ ရပ်ကွက်အတွင်းမှာ နေထိုင်တဲ့ အသက် ၇၀ အရွယ် သူနာပြုဆရာမကြီး ဒေါ်ခင်မာရီဖြစ်ပြီး အဲဒီရပ်ကွက်အတွင်းမှာ အာရက္ခတပ်တော် ရုံးရှိတယ်ဆိုပြီး မြေပြင်သတင်းပေးက သတင်းပေးတဲ့ အတွက် စစ်ကောင်စီက အခုလို လေကြောင်းက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သံတွဲဒေသခံ တစ်ဦးကပြောပါတယ်။
“အဲဒီနေရာကို စကစက ဗုံးလာကြဲတာက အဲဒီနေရာမှာ အာရက္ခတပ်တော်ရုံးရှိတယ်ဆိုပြီးသတင်းပေးလို့ ဗုံးလာကြဲတာ ဖြစ်တယ်။ ဒီရက်ပိုင်းမှာ သံတွဲမှာ ဖုန်းလိုင်းနည်းနည်း ရတော့ သူတို့က သတင်းလှမ်းပေးတာ ဖြစ်တယ်။အဲဒီမှာ ပေါင် ၅၀၀ ဗုံး နဲ့လာကြဲသွားတာ။အဲဒီမှာ သူနာပြုဆရာမကြီး ရဲ့ အိမ်တည့်တည့်ကို ကျပြီးတော့ သူနာပြုဆရာမကြီးက သေဆုံးသွားတာ။တော်သေးတယ် လူတွေ အရမ်းများတဲ့ နေရာဖြစ်မနေခဲ့လို့ ။မဟုတ်ရင်တော့ မလွယ်ဘူးလို့ “သူကပြောပါတယ်။
စစ်ကောင်စီဟာ အဲဒီရပ်ကွက်အတွင်းကို ပေါင်း ၅၀၀ဗုံး ၂ လုံး နဲ့ လေကြောင်းကနေတဆင့် လာရောက်ကြဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
သံတွဲမြို့ဟာ အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက် ရရှိပြီးနောက်ပိုင်းမှာ စစ်ကောင်စီရဲ လေကြောင်းတိုက်ခိုက်မှု ရန်ကိုမကြာခဏဆိုသလိုခံနေရတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။