Home သတင်း စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို မှတ်တမ်းတင်ထားပြီး ထိုက်တန်သော ပြစ်ဒဏ်စီရင်သွားမယ်လို့ ဆို

စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို မှတ်တမ်းတင်ထားပြီး ထိုက်တန်သော ပြစ်ဒဏ်စီရင်သွားမယ်လို့ ဆို

38
0

CNA၊ ဒီဇင်ဘာ၊ ၂၂။

စစ်ရေးပစ်မှတ်မဟုတ်‌တဲ့နေရာတွေကို ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိမယ်ဆိုရင် ထိုက်တန်တဲ့ ပြစ်ဒဏ်တွေကို စီရင်ချမှတ်သွားမှာ ဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်လာပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ရဲ့ တစ်နှစ်ကျော်ကြာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ ဖက်ဆစ်စစ်တပ်တို့ရဲ့ လုပ်နေကျ ဝသီအကျင့်စရိုက်အတိုင်းလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ စစ်ရှောင်စခန်းနဲ့ အပြစ်မဲ့ပြည်သူတွေနေထိုင်ရာ ရပ်ရွာတွေကို လေယာဉ်နဲ့ဗုံးကြဲတာ၊ ရပ်ရွာတွေကို မီးရှို့တာ၊ တံတားတွေကို မိုင်းခွဲဖျက်ဆီးတာတွေကို နေ့စဉ်နေ့တိုင်းပြုလုပ်နေတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာဆိုရင်လည်း ဂွမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧရာဝတီတိုင်းဘက်ကို

တစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေရပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်ကောင်စီဟာ ဂွမြို့ကို လက်လွှတ်ဆုံးရှုံးရတော့မယ်လို့ ဆိုပါတယ်။

ဂွမြို့ကို လက်လွှတ်ရတော့မယ့် စစ်ကောင်စီတပ်ဟာ ဂွမြို့အတွင်းက ကျေးရွာတွေ၊ လူနေအိမ်တွေ၊ တံတားတွေကို မီးရှို့ဖျက်ဆီးတာ၊ မိုင်းခွဲဖျက်ဆီးတာ‌တွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ အာရက္ခတပ်တော်က အသိပေးထားပါတယ်။

ဒီဇင်ဘာ ၁၇ရက်နဲ့ ၁၈ရက်နေ့တွေမှာဆိုရင် စစ်ကောင်စီတပ်ဟာ ဂွမြို့နယ်၊ “အလယ်ရွာ”ကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းကစပြီး ခမရ (၅၆၃) အနီးအနားက လူနေအိမ်အများအပြားကိုလည်းကောင်း မီးရှို့ဖျက်ဆီး‌တာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော်အနေနဲ့ စစ်ကောင်စီရဲ့ ယခုကဲ့သို့ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုတွေကိုသေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့တဲ့ တပ်ရင်း၊ တပ်မနဲ့ အမိန့်ပေး၊ ညွှန်ကြားချက်ပေးသူတွေကို ဖမ်းဆီးရမိမယ်ဆိုရင်၎င်းပြစ်မှုတွေနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေကို စီရင်ချမှတ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော်ဟာ အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့တို့ကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာဆိုရင် ဂွမြို့ကိုသာ သိမ်းပိုက်ဖို့ ကျန်ရှိပါတော့တယ်။

ဂွမြို့ လက်မလွှတ်ရစေရေးအတွက် စစ်ကောင်စီကလည်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံက စစ်ကူတပ်တွေနဲ့အင်အားဖြည့်တင်းနေပေမယ့်လည်း အတင်းအဓမ္မစုဆောင်းထားတဲ့၊ တပ်သားသစ်တွေနဲ့ ဖွဲ့စည်းထားတဲ့၊ စိတ်ဓာတ်ပျက်ပြားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျားထွက်ပြေးနေရတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here