Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု Airbusရဲ့ မိတ်ဖက် AVICထံကနေ စစ်ကောင်စီ လေယာဉ်အသစ်တွေလက်ခံရရှိနေ

Airbusရဲ့ မိတ်ဖက် AVICထံကနေ စစ်ကောင်စီ လေယာဉ်အသစ်တွေလက်ခံရရှိနေ

70
0

ပြင်သစ်ကုမ္ပဏီ Airbus ရဲ့ မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ တရုတ်ကုမ္ပဏီ AVICဆီကနေ စစ်ကောင်စီဟာ လေယာဉ်အသစ်တွေလက်ခံရရှိနေတယ်လို့ Justice For Myanmarက ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာ့လေတပ်နှစ်ပတ်လည်နေ့ အခမ်းအနားမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်အရ အမှတ် (၁၄၁၃) အဖြစ် Hongdu K-8 အမျိုးအစား အပေါ့စားတိုက်ခိုက်ရေး လေယာဉ် ၁စင်း၊ အမှတ် (၁၄၀၇၊ ၁၄၁၁၊ ၁၄၁၂ နှင့် ၁၄၁၃) တို့အပါအဝင် FTC-2000G အမျိုးအစား တိုက်ခိုက်ရေးလေယာဉ် အနည်းဆုံး ၆စင်းနဲ့ အမှတ် (၅၉၂၂) အဖြစ် Shaanxi Y-8 စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ် ၁စင်း တို့ကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ လေယာဉ်တွေကို ပြင်သစ်ကုမ္ပဏီ Airbus က ရင်းနှီးမြှုပ်နှံထားတဲ့၊ မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ တရုတ်ကုမ္ပဏီ AVICက စစ်ကောင်စီကို ရောင်းချထောက်ပံ့ပေးထားတာဖြစ်ပြီး လေယာဉ်အသစ် ၈ စင်းအထိ ဝယ်ယူအသုံးပြုထားတာကိုတွေ့ရတယ်လို့ Justice For Myanmarက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ဒီလေယာဉ်အမျိုးအစားတွေကို အရပ်သားပြည်သူတွေအ‌ပေါ် ပစ်မှတ်ထားတဲ့ အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုလေ့ရှိတယ်လို့လည်း အသိပေးထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူပေါင်း အနည်းဆုံး ၁၇၄၉ ဦး သေဆုံးခဲ့ရပြီး၊ ဒီကျူးလွန်မှုတွေအတွက် စစ်ကောင်စီဟာ အပြစ်ပေးအရေးယူခံရခြင်း လွတ်ကင်းလျက်ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တရုတ်ကုမ္ပဏီ AVICရဲ့ လေယာဉ်အသစ်တွေ ထပ်မံတင်ပို့မှုဟာ စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို ဆက်လက်အားပေးကူညီနေတာကို ပြသနေသလို၊တရုတ်ကုမ္ပဏီ AVIC မှာ ပြင်သစ်ကုမ္ပဏီ Airbus ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ကြီးလေးတဲ့ လူ့အခွင့်အရေးဆိုင်ရာသက်ရောက်မှုတွေကို အထောက်အထားတွေနဲ့ လူထုဝေဖန်မှု မြင့်တက်နေပေမယ့် ပြင်သစ်ကုမ္ပဏီ Airbus ကတော့ မည်သည့်အမှားအယွင်းမျှ လုပ်ဆောင်ထားခြင်းမရှိသယောင် လူသိရှင်ကြား ငြင်းဆိုထားတယ်လို့ အသိပေးထားပါတယ်။

တရုတ်ကုမ္ပဏီAVIC နဲ့ မိတ်ဖက်ဆောင်ရွက်မှုအပေါ် ပြင်သစ်ကုမ္ပဏီ Airbus ရဲ့ ကာကွယ်မှုဟာ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဖြစ်ပေါ်စေတဲ့ လူ့အခွင့်အရေးထိခိုက်နစ်နာမှုတွေအတွက် အန္တရာယ်ကို လျော့ချဖို့ ၎င်းတို့ရဲ့ ကတိကဝတ်အပေါ် စိုးရိမ်စရာမေးခွန်းတွေကို ဖြစ်ပေါ်စေတယ်လို့လည်း Justice For Myanmarက ဆိုပါတယ်။

ပြင်သစ်ကုမ္ပဏီAirbus ရဲ့ ရပ်တည်ချက်ဟာ မြန်မာနိုင်ငံကို တရုတ်ကုမ္ပဏီ AVICရဲ့ စစ်ဘက်ကုန်စည်ပေးပို့မှုတွေကြောင့် AviChinaကနေ ရင်းနှီးမြှုပ်နှံမှုတွေရုပ်သိမ်းခဲ့ကြတဲ့ နော်ဝေအချုပ်အခြာပင်စင်ရံပုံငွေအဖွဲ့၊ ထင်ရှားတဲ့ ဒက်ရှ်ရင်းနှီးမြှုပ်နှံသူတွေ၊ ပင်စင်ရံပုံငွေတွေအပါအဝင် အခြားသောအဖွဲ့အစည်း ရင်းနှီးမြှုပ်နှံသူတွေရဲ့ အရေးယူဆောင်ရွက်ချက်တွေနဲ့ လုံးလုံးလျားလျား ဆန့်ကျင်ကွာခြားနေတယ်လို့ Justice For Myanmarက ထုတ်ပြန်ထားပါတယ်။

Justice For Myanmarအပါအဝင် နိုင်ငံတကာနဲ့ ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်း ပေါင်း ၃၀၀ ကျော်တို့က မြန်မာစစ်အုပ်စု ကျူးလွန်နေတဲ့ စစ်ရာ ဇဝတ်မှုတွေကို အားပေးကူညီနေတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံမှုအားလုံးကို အဆုံးသတ်ရေးအတွက် ပြင်သစ်ကုမ္ပဏီAirbusရဲ့ စီအီးအိုဖြစ်သူ Guillaume Faury ထံကို ဒီဇင်ဘာ ၁၀ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တဲ့အကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။

အဆိုပါအိတ်ဖွင့်ပေးစာမှာ AVICနဲ့ AviChina ကဲ့သို့သော တိုက်ရိုက်ဆက်နွှယ်တဲ့ ကုမ္ပဏီတွေနဲ့ ဘဏ္ဍာငွေ၊ မဟာဗျူဟာဆက်နွှယ်မှုတွေက တဆင့် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကြီးတွေ အားပေးကူညီခြင်းမရှိစေဖို့ တာဝန်ယူရေး တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြင်သစ်ကုမ္ပဏီAirbus အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေကို လိုက်နာမယ်ဆိုရင် ၎င်းတို့အနေနဲ့ တရုတ်ကုမ္ပဏီ AVIC အပေါ် ၎င်းတို့ရဲ့ ဩဇာလွှမ်းမိုးနိုင်မှုကိုအသုံးပြုပြီး AVIC နဲ့ AVIC ကုမ္ပဏီခွဲတွေမှာ မြန်မာစစ်အုပ်စုကို ရောင်းချထောက်ပံ့နေတဲ့ စစ်လက်နက်တွေ၊ စစ်လေယာဉ်တွေနဲ့
ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုတွေကိုရပ်တန့်ဖို့ ဆောင်ရွက်ရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here