
CNA၊မြတ်သူ။
သံတွဲမြို့ကို စစ်ကောင်စီက ဒီဇင်ဘာလ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်လုပ်ခဲ့တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ရပြီး ၉ ဦးထက် မနည်းတဲ့ ဒေသခံပြည်သူတွေဟာလည်းဒဏ်ရာ အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ဒေသခံ သတင်းအရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၃ နာရီလောက်ကလည်း ဂျက်တိုက်လေယာဉ် ၃ စီး နဲ့ သံတွဲ-ဂွ ကားလမ်းဘေးမှာရှိတဲ့ ညောင်ပင်ဈေး၊ သမုတ်ချောင်း နဲ့ တလင်းဆိတ်ကျေးရွာတွေကို စစ်ကောင်စီက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဦးဖိုးကျော် အပါအဝင် ဒေသခံ ၃ ဦးသေဆုံးခဲ့ ရပြီး နောက်ထပ် ဒေသခံ ၆ ဦးထက်မနည်းတဲ့ ပြည်သူတွေဟာလည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ သံတွဲမြို့ခံတစ်ဦးကပြောပါတယ်။
“ညနေ ၃ နာရီကျော်လောက်မှာ လေယာဉ် ၃ စီး နဲ့ ၃၄ ခေါက်ဗုံးလာကြဲခဲ့တယ်လို့ ပြောတယ်။စက်သေနတ်တွေ နဲ့လည်း ပစ်တယ်လို့ ပြောတယ်။အဲဒီမှာ ထိပြီးတော့ ဦးဖိုးကျော် အပါအဝင် ၃ ဦးကသေတယ်။နောက်ထပ် ၆ ဦးကျော်လောက်က ဒဏ်ရာရတယ်ပြောတယ်။လူနာမည်အတိအကျကတော့ ဖုန်းလိုင်းတွေ မရတော့ အတိအကျ သိရဖို့ ခက်ခဲ့တယ်လို့”ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လယ်ကလည်း သံတွဲမြို့နယ် အတွင်းက အမှတ် ၇ ရပ်ကွက်ကိုလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇၀ အရွယ် သူနာပြုဆရာမကြီးတစ်ဦး သေဆုံးခဲ့ရသလို နေအိမ်တွေပျက်စီသွားတာလည်း ရှိခဲ့ရပါတယ်။
အဲဒီနောက် ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီကျော်မှာလည်း သံတွဲမြို့နယ်အတွင်းကအမှတ် (၁) ရပ်ကွက် နဲ့ အမှတ် (၄) ရပ်ကွက်၊ ဗိုလ်ကုန်းမှာရှိတဲ့မြေစာရင်းရုံးတွေကို ဂျက်ဖိုက်တာ ၂ စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသသတင်းအရင်းမြစ်တွေကပြောပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲတစုံတစ်ရာ မရှိတဲ့ သံတွဲက အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာ ဆက်တိုက်လုပ်ဆောင်လာနေတာတွေကို တွေ့လာနေရပါတယ်။
ဒီလို လေကြောင်းတိုက်ခိုက်မှု စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင်လာနေတာဟာ မြို့တွင်းနေထိုင်တဲ့ သူတွေထဲမှာ သတင်းပေး ဒလန်တွေ ရှိတဲ့ အတွက် အခုလို မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှု လုပ်တာတွေကို ခံနေရတာဖြစ်တယ်လို့လည်းဒေသ သတင်းအရင်းမြစ်တွေက ပြောဆိုကြပါတယ်။