CNA၊ ဒီဇင်ဘာ၊ ၂၈။
ရခိုင်ပြည်နယ်အတွင်းမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ခုရှိတဲ့အထဲက စီမံကိန်း ၁၀ခုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားတယ်လို့ ISP – Myanmar ကထုတ်ပြန်လာပါတယ်။
ဒီဇင်ဘာ ၂၄ရက်နေ့အထိ ISP Myanmar ကရရှိထားတဲ့ အချက်အလက်တွေကိုထုတ်ပြန်လာတာဖြစ်လည်းဖြစ်ပါတယ်။
အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ တရုတ်စီမံကိန်းတွေကတော့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူ – အမ်းရထားလိုင်း၊ မန္တလေးကျောက်ဖြူ ရထားလမ်း၊ အမ်း လေအားလျှပ်စစ် စီမံကိန်း၊ မန္တလေး – ကျောက်ဖြူကားလမ်း၊ ရေနံပိုက်လိုင်း၊ ကျောက်ဖြူရေနပ်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံးစွမ်းအင်စီမံကိန်း၊ ကျောက်ဖြူ – နေပြည်တော် ကားလမ်းနဲ့ သံတွဲလေအားလျှပ်စစ် စီမံကိန်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။
သံတွဲနဲ့ အမ်းမြို့တို့က လေအားလျှပ်စစ်စီမံကိန်းတွေကို အပြည့်အဝထိန်းချုပ်ထားတာဖြစ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်း နှင့် အထူးစီးပွားရေးဇုန်စီမံကိန်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း၊ ကျောက်ဖြူ-နေပြည်တော် ကားလမ်းစီမံကိန်း၊ တရုတ်-မြန်မာ ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းအပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းတွေကို တစိတ်တပိုင်း ထိန်းချုပ်ထားတာဖြစ်တယ်လို့ အသိပေးထားပါတယ်။
အဆိုပါ တရုတ်စီမံကိန်းတွေထဲက ၇ခုကိုတော့ လက်တွေ့မြေပြင်မှာ အကောင်အထည်မဖော်ရသေးပါဘူး။
လက်တွေ့မြေပြင်မှာ အကောင်အထည်ဖော်ထားတဲ့ စီမံကိန်းတွေရဲ့ တန်ဖိုးကတော့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း အမေရိကန် ဒေါ်လာ ၁.၀၉၀သန်း၊ ရေနံပိုက်လိုင်း စီမံကိန်း အမေရိကန် ဒေါ်လာ ၁.၅၀၀သန်း၊ ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံးစွမ်းအင်စီမံကိန်း အမေရိကန်ဒေါ်လာ ၁၈၀သန်း တန်ကြေးရှိတယ်လို့ ISP – Myanmarက ဆိုပါတယ်။
အာရက္ခတပ်တော်(AA)ရဲ့ ဒီဇင်ဘာ ၂၁ရက်နေ့ ထုတ်ပြန်ချက်အရ ပလက်ဝမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ တောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သဲတွဲမြို့၊ တောင်ကုတ်မြို့၊ မောင်တောမြို့နဲ့ အမ်းမြို့အပါအဝင် စုစုပေါင်း မြို့ ၁၄မြို့ကို ထိန်းချုပ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါမြို့တွေထဲက အမ်းမြို့ဟာ စစ်ကောင်ရဲ့ တိုင်းစစ်ဌာနချုပ် တည်ရှိရာမြို့ဖြစ်သလို တရုတ်စီမံကိန်းတွေရဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ၊ ရေနံပိုက်လိုင်းတွေ ဖြတ်သန်းသွားရာမြို့ဖြစ်ပါတယ်။