CNA၊ ဇန်နဝါရီ၊ ၅။
ရခိုင်ပြည်နယ်၊ အမ်းမြို့ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ဦးကို လက်နက်တွေနဲ့အတူ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho )က ထုတ်ပြန်လာပါတယ်။
အမ်းမြို့ဘက်က ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို CDF – Ashoက ပိတ်ဆို့တားဆီးနေတာဖြစ်ပြီး ဇန်နဝါရီ ၃ရက်နဲ့ ၄ရက်နေ့တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီ တပ်သားတွေဟာ အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနဲ့ တောင်ဇောက်ကျေးရွာအနီး စခန်းတွေကနေ ထွက်ပြေးလာတာဖြစ်ပြီး၊ လက်နက်ငယ် ( ၉ )လက်၊ ခဲယမ်းနဲ့ စစ်အသုံးအဆောင်တွေကိုပါ သိမ်းဆည်း ရမိခဲ့တယ်လို့ CDF – Ashoက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၃ရက်၊ မနက် ၇နာရီဝန်းကျင်လောက်မှာ မကွေးတိုင်း၊ ငဖဲမြို့နယ်မှာရှိတဲ့ အမှတ်( ၁၄ ) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ စေတုတ္တရာမြို့နယ်ဘက်ကို ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအတိုင်း ထွက်ခွာလာတဲ့ အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့လည်း အသိပေးထားပါတယ်။
ငဖဲမြို့နယ်၊ ညောင်ကိုင်း ကျေးရွာအနီးမှာ အင်အား ၅၀ခန့်ပါ စစ်ကား ၂စီးကို မင်းဘူးခရိုင်အမှတ်(၈)တပ်ရင်း၊ ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့( ပ.က.ဖ) တို့နဲ့အတူပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ CDF – Ashoကဆိုပါတယ်။
တိုက်ပွဲ မိနစ် ၂၀ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁ဦးသေဆုံး၊ ၆ဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

CDF – Ashoဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလထဲမှာလည်း ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)ကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက်ပိုင်း ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
ဒီဇင်ဘာ ၂၅၊ ၂၆၊ ၂၇ရက်နေ့တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကလည်း CDF – Ashoဆီမှာ လက်နက်အပ်ကာ အလင်းဝင်ခဲ့ကြပါတယ်။