Home သတင်း စစ်ကောင်စီကထုတ်ပြန်တဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုစာရင်း မြေပြင်နဲ့ များစွာကွဲလွဲမှုရှိနေ

စစ်ကောင်စီကထုတ်ပြန်တဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုစာရင်း မြေပြင်နဲ့ များစွာကွဲလွဲမှုရှိနေ

34
0
စစ်တွေ အကျဥ်းထောင်မြင်ကွင်း/ပုံဟောင်း။ CNA

CNA၊ ဇန်နဝါရီ၊ ၆။

ဇန်နဝါရီလ ၄ရက်နေ့တုန်းက လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီကထုတ်ပြန်တဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုစာရင်းဟာ မြေပြင်မှာ အမှန်တကယ်လွတ်မြောက်တဲ့စာရင်းနဲ့ များစွာကွဲလွဲမှုရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ လွတ်လပ်ရေးနေ့မှာ အကျဉ်းသား ၅၈၆၄ ဦးကို လွှတ်ပေးခဲ့တာဖြစ်ပြီး၊ လွှတ်ပေးတဲ့အထဲမှာ ၅၀၅ပုဒ်မနဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ ဦးခန့်ပါဝင်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ဒါပေမယ့် PPNMရဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက အကျဉ်းထောင် ၄၀ကျော်ကို စောင့်ကြည့်စာရင်းကောက်ယူခဲ့ရာမှာတော့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူနဲ့ ကျား/မ အတည်မပြုနိုင်သူတွေအပါအဝင် စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၃၄၄ဦး သာ လွတ်မြောက်ခဲ့တယ်လို့ PPNMရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီအရေအတွက်ဟာ စစ်ကောင်စီက ထုတ်ပြန်တဲ့ အရေအတွက်ထက် များစွာ လျော့နည်းနေတာကိုတွေ့ရပြီး၊ စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုစာရင်းကို ဖုံးကွယ်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်ကာ နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့်ကို လွတ်ပေးခဲ့ဟန် ပြောဆိုခဲ့တာသာ ဖြစ်တယ်လို့လည်း PPNMက ဆိုပါတယ်။

PPNMရဲ့ ထုတ်ပြန်ချက်အရ ရွှေဘို အကျဉ်း‌ထောင်၊ အိုးဘိုအကျဉ်း‌ထောင်၊ မြင်းခြံအကျဉ်း‌ထောင်၊ ပြည်အကျဉ်းထောင်၊ မအူပင်အကျဉ်းထောင်၊ တောင်ငူအကျဉ်းထောင်၊ ပခုက္ကူ အကျဉ်းထောင်၊ အင်းစိန်အကျဉ်းထောင်၊ဟင်္သာတ အကျဉ်း‌ထောင်၊ ကလေးအကျဉ်း‌ထောင်၊ မကွေးအကျဉ်း‌ထောင်၊ ပေါင်းတည်အကျဉ်း‌ထောင်၊ မိတ္ထီလာအကျဉ်း‌ထောင်၊ ဒိုက်ဦးအကျဉ်း‌ထောင်၊ မိုးညှင်းအကျဉ်း‌ထောင်

၊ သာယာဝတီအကျဉ်း‌ထောင်၊ ညောင်ဦးအကျဉ်းထောင်၊ ဖျာပုံအကျဉ်း‌ထောင်၊ ထားဝယ်အကျဉ်း‌ထောင်၊ ကျိုက်မရောအကျဉ်း‌ထောင်၊ မုံရွာအကျဉ်း‌ထောင်၊ မြိတ်အကျဉ်း‌ထောင်၊ ကသာအကျဉ်း‌ထောင်၊ ဘားအံအကျဉ်း‌ထောင်၊ မြစ်ကြီးနားအကျဉ်း‌ထောင်၊ရမည်းသင်းအကျဉ်း‌ထောင်၊ ပဲခူးအကျဉ်း‌ထောင်၊ ညောင်ရွှေ အကျဉ်း‌ထောင်၊သထုံအကျဉ်း‌ထောင်နဲ့ ငှက်အော်စမ်း အကျဉ်းထောင်တို့က နိုင်ငံရေးအကျဉ်းသား ၃၄၄ဦးကိုသာ လွှတ်ပေးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ လွတ်မြောက်မှုအရေအတွက်ကိုကြည့်ရှု့ခြင်းအားဖြင့် အဖက်ဖက်မှာ စစ်ရေးရှုံးနှိမ့်‌နေတဲ့ စစ်ကောင်စီဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးထွက်ပေါက်အဖြစ် လဲလှည်ဖို့အတွက် ဆက်လက်ပြီး မတရားပြန်ပေးဆွဲထားတာဖြစ်တယ်လို့လည်း PPNMက ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့လည်း နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချွင်းခြက်မရှိ အမြန်ဆုံးလွတ်ပေးဖို့နဲ့ ပြည်သူလူထုထံ လက်နက်ချပြီး ကျူးလွန်ခဲ့တဲ့ ကိစ္စရပ်တွေအတွက် အမြန်ဆုံးပြည့်သူ့တရားစီရင်ရေးအောက်မှာ တာဝန်ခံဖို့လည်း PPNMကတောင်းဆိုထားပါတယ်။

အလားတူ ISP Myanmar ကလည်းစစ်ကောင်စီဟာ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်အတွင်း လွတ်ငြိမ်းခွင့် ၁၆ကြိမ်ကြေညာခဲ့ရာမှာ ရာခိုင်နှုန်းအားဖြင့် နိုင်ငံရေးအကျဉ်းသား ၈.၆ ရာခိုင်နှုန်းသာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

အကျဉ်းကျခံရသူစုစုပေါင်း ၁၀၁,၇၂၉ဦးကို ပြန်လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား ၈,၇၆၂ဦးကိုသာ ပြန်လွှတ်ပေးခဲ့တယ်လို့ ISP Myanmarက ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here