Home သတင်း ရခိုင်မှာ ၁၀ရက်အတွင်း အရပ်သား ၅ဦးသေဆုံးတာကို အမည်နဲ့ တကွ အတည်ပြုနိုင်ခဲ့တယ်လို့ AAPPထုတ်ပြန်

ရခိုင်မှာ ၁၀ရက်အတွင်း အရပ်သား ၅ဦးသေဆုံးတာကို အမည်နဲ့ တကွ အတည်ပြုနိုင်ခဲ့တယ်လို့ AAPPထုတ်ပြန်

35
0
ပုံ၊ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကျောက်နီမော်ဒေသခံများမြင်တွေ့ရမှု။APM

CNA၊ ဇန်နဝါရီ၊ ၁၀။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်း‌တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ၅ဦးသေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP)က ထုတ်ပြန်လာပါတယ်။

ဇန်နဝါရီလ ၁ရက်နေ့ကနေ ဇန်နဝါရီ ၁၀ရက်နေ့အတွင်း စစ်ကောင်စီရဲ့‌တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်း အရပ်သားပြည်သူ စုစုပေါင်း ၁၂ဦးသေဆုံးခဲ့ရတာကို အမည်နဲ့ တကွ အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး၊ သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် (၂) ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီတစ်နိုင်ငံလုံး သေဆုံးသူ ၁၂ ဦးထဲမှာတော့ ရခိုင်ပြည်နယ်ဟာ သေဆုံးသူ ၅ဦးနဲ့ အများဆုံးဖြစ်ပြီး၊ ဇန်နဝါရီလ ၅ ရက်နေ့တုန်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အင်ဇုံပြင်ကျေးရွာနဲ့ တောင်ပေါက်ကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အင်ဇုံပြင်ကျေးရွာက မဇင်မာခိုင်၊ ကျောက်တော်မြို့နယ်၊ ဝကင်းကျေးရွာက ဂျော်နာဘေလ်ခေါင်၊ ၎င်း၏သားဖြစ်သူ ရာဟနော်ဒီလ်နဲ့ မဂျော်တို့ ဗုံးစထိမှန်သေဆုံးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကျန်သေဆုံးသူ ၁ဦးရဲ့ နာမည်ကိုတော့ AAPPက ထည့်သွင်းဖော်ပြထားတာမတွေ့ရပါဘူး။ ဒါ့အပြင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ တိုက်ခိုက်မှုအတွင်းမှာ သေဆုံးသူတွေရဲ့ အချက်အလက်တွေကို စစ်ဆေးအတည်ပြုနေတယ်လို့လည်းဆိုထားပါတယ်။

CNAက ရရှိထားတဲ့သတင်းအချက်အလက်တွေအရဆိုရင် ကျောက်နီမော်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ သေဆုံးသူ ၄၁ ဦးရှိပြီး ၅၀ကျော်ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၁၀ရက်အတွင်း စစ်ကောင်စီနဲ့ ၎င်းရဲ့လက်ပါးစေတွေကြောင့်ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း (၆၁၃၁) ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့လည်း AAPPက ထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here