CNA၊ ဇန်နဝါရီ၊ ၁၂။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြော က်ရေးတပ်မတော် (PSLF/ TNLA)အနေနဲ့ စစ်ရေး၊ နိုင်ငံရေး ရည် မှန်းချက်တွေကို အလုံးစုံအထမြောက်တဲ့အထိ ကြိုးပမ်းအားထုတ်ဖို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နဲ့ အာရက္ခတပ်တော်(AA)တို့က တိုက်တွန်းလာပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၁၂ရက်နေ့မှာကျရောက်တဲ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့ (၆၂) နှစ် ပြည့်နေ့အဖြစ်MNDAAနဲ့ AAတို့က ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းလိုက်တာပါ။
PSLF/ TNLAဟာ မြောက်ပိုင်းညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA၊ AAတို့နဲ့ လက်တွဲပြီး အဖွဲ့အစည်းရဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေကို တစိုက်မတ်မတ် ကြိုးစားလာခဲ့တာကြောင့်၊ TNLAရဲ့ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်တွေဟာ အတိုင်းအတာတစ်ခုအထိ အထမြောက်နိုင်ခဲ့ပြီလို့ သဝဏ်လွှာက ဆိုပါတယ်။
တအာင်းဒေသ ဒီထက် အေးချမ်းသာယာ၊ စည်ပင်၊ ဖွံ့ဖြိုးတိုးတက်တဲ့အထိ၊ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေအလုံးစုံအထမြောက်တဲ့အထိ ဆက်လက်ကြိုးပမ်းအားထုတ်ဖို့ကိုလည်း ညီနောင်မဟာမိတ်စိတ်ဓာတ်အပြည့်နဲ့ တိုက်တွန်းတယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အခြားတစ်ဖက်မှာလည်း ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနဲ့ ဘုံရန်သူကို မိမိတို့ဒေသအသီးသီးကနေ တော်လှန်တိုက်ထုတ်ရာမှာ တစ်ဖွဲ့ရဲ့ လိုအပ်ချက်ကို တစ်ဖွဲ့က မဟာမိတ်စိတ်ဓာတ်အပြည့်နဲ့ ကူညီပံ့ပိုးပေးတာ၊ ဟန်ချက်ညီညီ နဲ့ ခက်ခက်ခဲခဲ၊ ဆင်းရဲပင်ပန်းကြီးစွာ ရဲဘော်ရဲဘက်စိတ်ဓာတ် အပြည့်နဲ့ နှစ်ကာလများစွာ အတူတကွ လက်တွဲတိုက်ပွဲဝင်ခဲ့တာတွေကြောင့် အခုလိုအောင်မြင်မှုအသီးအပွင့် တချို့ကို ရရှိခဲ့တာဖြစ်တယ်လို့လည်း MNDAAနဲ့ AAက ဆိုပါတယ်။
အောင်ပွဲနဲ့အတူ ပါရှိလာတဲ့ အခက်အခဲ၊ အတားအဆီးတွေကိုလည်း ကောင်းတူဆိုးဖက် စိတ်ဓာတ်၊ ညီနောင်မဟာမိတ်စိတ်ဓာတ်အပြည့်နဲ့ ဝိုင်းဝန်းအတူဖြေရှင်းဖို့ အမြဲတမ်း အသင့်ရှိနေတယ်လို့လည်းသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
တော်လှန်ရေးကာလအတွင်း အသက်၊ ခန္ဓာ၊ ဘဝ၊ သွေး၊ ချွေး မြောက်မြားစွာ ပေးဆပ်ခဲ့ကြတဲ့ ပေးဆပ်သူတိုင်းကို လေးနက်စွာ တန်ဖိုးထား ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်လို့လည်း အသိပေးထားပါတယ်။
ဒီကနေ့မှာကျရောက်တဲ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့ (၆၂) နှစ် ပြည့်နေ့မှာ PSLF/TNLA ကလည်း မြန်မာပြည်တဝှမ်းလုံးက တော်လှန်ရေးအသ်အားစုတွေနဲ့အတူ ဟန်ချက်ညီစွာ လက်တွဲပူးပေါင်းပြီး စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။