ချင်းပြည်နယ်၊ တီးတိန်မြို့ကို တိုက်ခိုက်သိမ်းပိုက်မယ့် PDA-Tedimရဲ့ အစီအစဉ်ကို လက်မခံကြောင်းနဲ့ ဝင်ရောက်ကျူးကျော်လာမယ်ဆိုရင် တိုက်ထုတ်သွားမှာဖြစ်ကြောင်း PDF Zolandက ဇန်နဝါရီ ၁၄ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ချင်းပြည်ကောင်စီ(CC)နဲ့ နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားတဲ့
PDA-Tedimဟာ ဇန်နဝါရီ ၁၄ရက်နေ့မှာဘဲ တီးတိန်မြို့ကို မြို့သိမ်းတိုက်ပွဲဖော်ဆောင်မှာဖြစ်တာကြောင့် မည်သည့်တော်လှန်ရေးအဖွဲ့အစည်းမဆို လာရောက်ပူးပေါင်းနိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
တီးတိန်မြို့အတွင်းမှာ PDA-Tedim၊ PDF Zoland၊ CDM-Siyin၊ Hualngoram-CDFနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမပြုလုပ်တဲ့ ZRA-EC စတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၅ဖွဲ့ရှိတယ်လို့ သိရပါတယ်။
PDA-Tedimရဲ့ မဟာမိတ်တွေနဲ့အတူ ဖော်ဆောင်မယ့် တီးတိန်မြို့သိမ်းတိုက်ပွဲကို မည်သည့်အဖွဲ့အစည်းကမှ ကန့်ကွတ်ခွင့်မရှိသလို ကိုယ့်မြို့ကိုယ်သိမ်းမှာဖြစ်တယ်လို့ PDA-Tedimက ထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက်အပေါ် ချင်းညီနောင်(CB)အဖွဲ့ဝင်ဖြစ်တဲ့ PDF Zoland ကတော့ ချင်းပြည်ကောင်စီကို ဦးဆောင်တဲ့ CNF/CNAနဲ့ အပေါင်းအပါတွေရဲ့ ဆောင်ရွက်ချက်တွေဟာ ပြည်သူလူထုရဲ့ အကျိုးကို ရှေးရှုခြင်းတစ်စုံတစ်ရာမပါရှိဘဲ မိမိတို့မြေပေါ်မှာ အမြတ်ထုတ်လိုမှုနဲ့ နိုင်ငံရေးလက်ဦးမှု ရယူလိုတာသာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တီးတိန်မြေကို စစ်ကောင်စီ၊ CNFအပါအဝင် အပေါင်းအပါတွေဖြစ်တဲ့ PDAစတဲ့ မည်သည့်အဖွဲ့အစည်းကိုမှ ပေးအပ်မှာ မဟုတ်ဘဲ တားမြစ်ထားတဲ့ကြားက ကျူးကျော်ဝင်ရောက်လာမယ်ဆိုရင် ICNCC/CB နဲ့အတူ လက်တွဲပြီး တိုက်ထုတ်သွားမယ်လို့ အသိပေးထားပါသေးတယ်။
ချင်းညီနောင်အနေနဲ့လည်း ဇိုမီးလူမျိုးတွေရဲ့ မြို့တော်ဖြစ်တဲ့ တီးတိန်မြို့က စစ်ကောင်စီတပ်တွေကို တိုက်ထုတ်ပြီး လွတ်မြောက်နယ်မြေအဖြစ်ဖော်ဆောင်ဖို့ လုပ်ငန်းအစီအစဉ်တွေချမှတ်ထားပြီးဖြစ်တယ်လို့ PDF Zolandကထုတ်ပြန်ထားပါတယ်။
ZFU/PDF Zolandအနေနဲ့ ဇိုမီးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကြိုးပမ်းမှုကို ထိပါးနှောက်ယှက်ဖို့ အာဏာရှင်ဆန်ဆန် ကြိုးပမ်းလာတဲ့ မည်သည့်အဖွဲ့အစည်းကိုမဆို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။