မြောက်ဦးမြို့နယ် ၊ရမ်းချောင်းဒေသက စစ်ကောင်စီဆီက ဖမ်းဆီးရမိထားတဲ့ စစ်သုံးပန်းတွေထားတဲ့နေရာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီး နဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့် စစ်သုံးပန်း နဲ့ သုံးပန်း မိသားစုဝင် ၃၀ ကျော် ထိခိုက်သေဆုံးခဲ့ရတယ်လို့ မြောက်ဦးမြို့သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီက မနေ့က ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေမှာလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ဂျက်ဖိုက်တာ ၃ စီး နဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်သုံးပန်း နဲ့ သုံးပန်း မိသားစုဝင် ၃၀ လောက်သေဆုံးဒဏ်ရာရတယ်လို့ သိထားရတယ်။အခုက ဖုန်းလိုင်းတွေကလည်း ကောင်းကောင်းဆက်မရတော့ သတင်းအတိအကျကတော့ မရနိုင်ဘူးဖြစ်နေတယ်လို့”မြောက်ဦး သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး CNA သတင်းဌာနအနေ နဲ့ နောက်ဆက်တွဲ အခြေ အနေကိုသိရှိနိုင်ဖို့အတွက် စုံးစမ်းမှုတွေလုပ်ဆောင်နေသလို အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကိုလည်း ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပြီး ဖြစ်စဥ်ရဲ့ အသေးစိတ်ကိုတော့ CNA အနေ နဲ့ အတည်ပြုနိုင်တာမရှိသေးပါဘူး။
အာရက္ခတပ်တော်ရဲ့ အရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ဒေါင်းရံကလည်း မြောက်ဦး ရမ်းချောင်းထဲ ဗုံးလာကြဲတာကြောင့် စစ်သုံးပန်းမိသားစု နဲ့ ခလေးသူငယ်အများအပြားသေဆုံးခဲ့ရတယ်ဆိုတာကို သူ့ရဲ့ လူမှုကွန်ယက် face book မှာ ဒီနေ့ရေးသားပြောဆိုထားသလို စစ်လော်ဘီအကောင့်တွေမှာလည်း မြောက်ဦးက အေအေ ရှိတဲ့ နေရာကို ဗုံးကြဲခဲ့ပြီး လူအများသေဆုံးခဲ့ကြောင်း ဝါဒဖြန့်ရေးသားတာတွေလည်းတွေ့ရပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွေကလည်း ပေါက်တောမြို့နယ် နဲ့ မောင်တောမြို့နယ်တွေက စစ်သုံးပန်းတွေ ထားတဲ့နေရာတွေကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာ လုပ်ဆောင်ခဲ့တဲ့အတွက် စစ်သုံးပန်း ၅၀ ကျော်သေဆုံးတာလည်းရှိခဲ့ပါသေးတယ်။
CNA၊လင်းလင်း။