မွန်တပ်တော်ဖွဲ့စည်းဖို့အတွက် ပထမအဆင့်အနေနဲ့ မွန်လက်နက်ကိုင် တပ်ဖွဲ့ ၄ဖွဲ့က “ရာမည ပူးတွဲစစ်ကြောင်း”ကို ဖွဲ့စည်းခဲ့တယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၇ရက်နေ့တုန်းက မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)တို့ရဲ့ အစည်းအဝေးမှာ “ရာမညပူးတွဲစစ်ကြောင်း”ကို ဖွဲ့စည်းခဲ့တာပါ။
ဒီအစည်းအဝေးမှာ မွန်လက်နက်ကိုင်တပ်တွေ အားလုံး တစုတစည်းတည်း အတူတကွလက်နက်ကိုင် တိုက်ပွဲဝင်မှသာ ရည်မှန်းထားတဲ့ စစ်ရေးပန်းတိုင်ကို ရရှိနိုင်မှာဖြစ်တဲ့အတွက် မွန်တပ်တော်ဖွဲ့စည်းဖို့နဲ့၊ မွန်တပ်တော်ဖွဲ့စည်းဖို့ ပထမအဆင့်အနေနဲ့ “ရာမညပူးတွဲစစ်ကြောင်း”ကို ဖွဲ့စည်းခဲ့တာလို့ ရာမညပူးတွဲစစ်ကြောင်း ပြန်ကြားရေးနှင့် ဆက်ဆံရေးဌာန တာဝန်ခံ Dr သီရိမွန်ချမ်းက CNA ကိုပြောပါတယ်။
“ယုံကြည်ချက်ပေါ်မှာ မူတည်ပြီးတော့ မွန်လက်နက်ကိုင်တပ်တွေအားလုံး မွန်တပ်တော်တခု ဖြစ်အောင် ဖွဲ့စည်းဖို့ သဘောတူခဲ့တယ်။ ဒီလိုမျိုး မွန်တပ်တော် တတပ်တည်းမဖြစ်ခင် ပထမဆင့်အနေနဲ့ မွန်လက်နက်ကိုင် တပ်တွေအကြား စစ်ရေးဆိုင်ရာ သဘောတူထားမှုတွေ လုပ်ထားခဲ့တယ်။ ဒီသဘောတူညီချက် အတိုင်းပဲ စစ်ဆင်ရေးတွေ မြို့ပြတိုက်ပွဲတွေ တခြားစခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့အတွက် အခုလို ရာမညပူးတွဲ စစ်ကြောင်းကို ဖွဲ့စည်းရခြင်းဖြစ်ပါတယ်” လို့ Dr သီရိမွန်ချမ်းက ဆိုပါတယ်။
ရာမညပူးတွဲစစ်ကြောင်းအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ (MOD) လက်အောက်ခံ (PDF) တွေအပြင် အခြား PDFတွေ၊ လက်နက် ကိုင် တပ်ဖွဲ့တွေ၊ တိုင်းရင်းသား မဟာမိတ် ကရင်အမျိုးသားအစည်း အရုံး (KNU)တို့နဲ့လည်း သင့်တော်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ စစ်ရေးမစ်ရှင်တွေလုပ်ဆောင်သွားမယ်လို့လည်း အသိပေးထားပါတယ်။
စစ်အာဏာရှင်စနစ် ချေမှုန်းရေးနဲ့ အမြစ်ပြတ်နိုင်ဖို့အတွက်ဆိုရင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးလို့မရဘူးဆိုတာ သမိုင်းက သက်သေ ပြပြီးဖြစ်တဲ့အတွက် အခုလို စစ်ရေးပြင်ဆင်ရတာလို့လည်း ဒေါက်တာ သီရီမွန်ချမ်းက ဆိုပါတယ်။
” မြောက်ပိုင်းမှာရော၊ အနောက်ပိုင်းမှာပါ။ အခြားတိုင်းနဲ့ ပြည်နယ်မှာရော အားလုံးစစ်ရေးဆိုင်ရာ လှုပ်ရှားမှုနဲ့သာ စကစကို အနိုင်ယူတိုက် ခိုက်နေကြတယ်။ အဲ့အတွက်ကြောင့်မို့ မိမိတို့မွန်ပြည်နယ်မှာလည်း စကစအမြစ်ပြုတ်ရေး၊ စစ်အာဏာရှင်အမြစ်ပြုတ်ရေးနဲ့ အာဏာရှင်စနစ်အမျိုးမျိုးအမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် စစ်ရေးအရ အနိုင်ယူဖို့လိုတဲ့အတွက်ကြောင့် အခုလိုမျိုး မိမိတို့အနေနဲ့ စစ်ရေးပြင်ဆင်မှုတွေ၊ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ မဖြစ်မနေ လုပ်ဆောင်ရတာဖုစ်တယ်ဆိုတဲ့အကြောင်း မွန်ပြည်သူ ပြည်သားများနဲ့ တတိုင်းပြည်လုံးက ပြည်သူ ပြည်သားများကို အသိပေးချင်ပါတယ်”လို့ ဒေါက်တာ သီရီမွန်ချမ်းက ပြောပါတယ်။
MNLA-ADဟာ ၂၀၂၄ခုနှစ်မှာ မွန်ပြည်သစ်ပါတီ (NMSP) ကနေ ခွဲထွက်ကာ တော်လှန်ရေးမှာ ပါဝင်လာတာဖြစ်ပြီး MLA၊ MSDFနဲ့ MSRFတို့ကတော့ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ မွန်လက်နက်ကိုင်တပ်တွေဖြစ်ပါတယ်။
CNA ၊ စောမြတ်သွီး။