အာရက္ခတပ်တော်က သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တွေထဲက စစ်တွေမြို့ အနီးတဝိုက်ကနေရာတွေကို စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်အပြင် လေကြောင်း ဒရုန်း နဲ့ တိုက်ခိုက်တာတွေ ပိုမို လုပ်နေတာတွေ ရှိနေတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပြောဆိုလာပါတယ်။
အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ” အာရက္ခဒေသအတွင်း၌ အာရက္ခတပ်တော်မှ သိမ်းပိုက်ရန် ကျန်ရှိနေသည့် အဓိက မြိုကြီးသုံးမြို ဖြစ်ကြသော စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြိုများထဲမှ စစ်တွေမြိုနှင့်အနီးတစ်ဝိုက်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသကဲ့သို လေကြောင်း၊ ရေကြောင်းများမှလည်း ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့စဉ်နှင့်အမျှရှိနေခဲ့သည်။ အထူးသဖြင့် ဒရုန်းတိုက်ခိုက်မှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများမှာ ပိုမိုများပြားလာနေ”တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၀) ရက်၊ နေ့လယ် (၁) နာရီ (၁၂) မိနစ်ကလည်း စစ်ကောင်စီဟာ စစ်တွေမြိုနယ်၊ ကံ့ကော်ကျွန်းရွာ ရဲ့ တစ်ဖက်ကမ်းမှာ ရှိတဲ့ ဝါဘိုကျေးရွာကို ဒရုန်းများနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဝါဘိုကျေးရွာအတွင်းမှာ ရှိတဲ့ အရပ်သားနေအိမ်တချို မီးလောင်ပျက်စီးခဲ့တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်စစ်မြေပြင်မှာ စစ်ရေး အရှုံး နဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အတွင်းကတည်းကပင် အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားတဲ့ မြို့တွေကို လေကြောင်းတိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တာတွေ ရှိနေခဲ့ပါတယ်။
အဲဒီလို လေကြောင်းတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ နှစ်ပတ်အတွင်းမှာ ဂွမြို့နယ်၊ကျောက်တော်မြို့နယ်၊ရမ်းဗြဲမြို့နယ်၊မြေပုံမြို့နယ် နဲ့ ပုဏ္ဏားကျွန်း မြို့နယ်တွေ ပြည်သူ ၅၀ ကျော် သေဆုံးခဲ့ရပြီး ၈၀ ကျော်ဒဏ်ရာ ရရှိတာတွေလည်း ရှိခဲ့ရပါတယ်။
ဒီထဲက ရမ်းဗြဲမြို့နယ် အတွင်းက ကျောက်နီမော်ကျေးရွာဟာဆိုရင် တိုက်ပွဲတစ်စုံတရာ ဖြစ်တာ မရှိပဲ အရပ်သားပြည်သူနေထိုင်ရာနေရာကို ရည်ရွယ်ချက် ရှိရှိ နဲ့ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် အရပ်သား ၄၁ ဦး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသလို ဒဏ်ရာရသူဟာလည်း ၅၀ ကျော်အထိ ရှိခဲ့သလို နေအိမ် ၄၀၀ နီးပါးဟာလည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း မြောက်ဦးမြို့၊ရမ်းချောင်းအနီးတဝိုက်က အေအေက ရခိုင်တိုက်ပွဲ အတွင်းမှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံးပန်းတွေထားတဲ့ နေရာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် နဲ့ အမျိုး သမီး ၂၈ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာ ရရှိခဲ့တာလည်း ရှိခဲ့ ပါသေးတယ်။
နိုင်ငံတစ်ဝန်း စစ်ရှုံးနေတဲ့ အကြမ်းဖက် စစ်ကောင်စီဟာ စစ်ရေးအရှုံး နဲ့ ဆက်တိုက်ရင်ဆိုင်လာရတာနဲ့ အတူ စစ်ရေးပစ်မှတ်တွေ မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေဖြစ်တဲ့ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဈေး၊ ဘာသာရေးအဆောက်အုံ၊လမ်းတံတား၊စစ်ဘေးရှောင်စခန်းနဲ့ လူနေထူထပ်တဲ့ နေရာတွေကို ပစ်မှတ်ထားကာ တရားလက် လွတ် ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်တာတွေ ရှိနေတယ်လို့လည်း အာရက္ခတပ်တော်က ထုတ်ပြန်ပြောဆိုထားပါတယ်။
စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် အစောပိုင်းကာလက စပြီးတော့ ဒီလို အကြမ်း ဖက်တိုက်မှုတွေကို ခပ်စိပ်စိပ်ပိုမိုပြုလုပ်လာတဲ့အတွက် လေကြောင်းရန် နဲ့ လေကြောင်း အန္တရာယ်ကို အရင်ကထက် ပိုမိုသတိထားဖို့ လိုအပ်လာတယ်လို့လည်း အာရက္ခတပ်တော်က သတိပေးထားပါတယ်။
အဲဒါတွေအပြင် အင်တာနက်၊ ဖုန်းသုံးစွဲမှုတွေကိုလည်း သတိထားသုံးစွဲကြဖို့ အတွက်ကိုပါ အာရက္ခတပ်တော်က သတိပေးတိုက်တွန်းထားတာကိုလည်း တွေ့ရပါတယ်။