Home သတင်း စစ်ရေး စစ်ကောင်စီကို စစ်လက်နက်ရောင်းချနေတဲ့ AVIC ကနေ နှုတ်ထွက်ဖို့ ဉရောပ ၃နိုင်ငံကို အဖွဲ့အစည်း ၃၀၀ကျော်တောင်းဆို

စစ်ကောင်စီကို စစ်လက်နက်ရောင်းချနေတဲ့ AVIC ကနေ နှုတ်ထွက်ဖို့ ဉရောပ ၃နိုင်ငံကို အဖွဲ့အစည်း ၃၀၀ကျော်တောင်းဆို

38
0

စစ်ကောင်စီကို စစ်လက်နက်ရောင်းချနေတဲ့ တရုတ်ကုမ္ပဏီ AVIC ကနေ နှုတ်ထွက်ဖို့ AIRBUS ရှယ်ယာရှင်တွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ နဲ့ စပိန်အစိုးရတို့ကို အဖွဲ့အစည်း ၃၀၀ကျော်က အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။

ဇန်နဝါရီ ၂၁ရက်နေ့တုန်းက ပြည်တွင်း၊ ပြည်ပ တော်လှန်ရေး အင်အားစုတွေနဲ့ အရပ်ဘက် အဖွဲ့အစည်း စုစုပေါင်း (၃၄၃)ဖွဲ့တို့က လက်မှတ် ရေးထိုးပြီး တောင်းဆိုလိုက်တာပါ။

AIRBUS ရှယ်ယာရှင် အစိုးရတွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီနဲ့ စပိန် အစိုးရတို့ဟာ မြန်မာစစ်အုပ်စုကို အာဏာသိမ်းမှုနဲ့ အကြမ်းဖက်မှုတွေအတွက် ကန့်ကွက်ရှုတ်ချခဲ့ကြပေမယ့် စစ်ကောင်စီကို စစ်လက်နက်ရောင်းချနေတဲ့ တရုတ်ကုမ္ပဏီ AVICမှာ ရှယ်ယာတွေပိုင်ဆိုင်ထားပြီး၊ တနည်းအားဖြစ် စစ်ကောင်စီကို ရာဇဝတ်မှုတွေကျူးလွန်ဖို့ တဆင့်ခံ ပါဝင် ထောက်ပံ့နေတယ်လို့ အိတ်ဖွင့်ပေးစာက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ EU ရဲ့ စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးပြဌာန်းချက် ချမှတ်ခံထားရပေမယ့် ဉရောပ ၃နိုင်ငံအနေနဲ့ AVIC မှတဆင့် ပါဝင် ပက်သက်နေတာဟာ စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေး ပြဌာန်းချက်ကို ချိုးဖောက်ရာ ရောက်နိုင်တယ်လို့လည်း အသိပေးထားပါတယ်။

ဒါကြောင့် Airbus ရှယ်ယာရှင်တွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ စပိန် အစိုးရတို့ အနေနဲ့ ၎င်းတို့ရဲ့ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြု ပြီး AVICရဲ့ စစ်ကောင်စီထံ လေယာဉ်နဲ့ ဆက်စပ်ပစ္စည်း လွှဲပြောင်းရောင်းချမှု၊ ပံ့ပိုးမှု တွေကိုရပ်တန့်တာ ဒါမှမဟုတ် AVIC က နှုတ်ထွက်တာ စတဲ့ ပြတ်သားတဲ့ အရေးယူမှုတွေလုပ်ပေးဖို့ အိတ်ဖွင့်ပေးစာက တောင်းဆိုထားလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ မြန်မာနိုင်ငံအတွင်းက ပြည့်သူတော်လှန်ရေး အင်အားစုတွေဆီမှာ နယ်မြေလက်လွတ်ဆုံးရှုံးရမှု များလာတာ နဲ့ အတူ တော်လှန်ရေး တပ်တွေ သိမ်းပိုက်ထားတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေ နေ့ စဉ်လုပ်ဆောင်တာတွေ ရှိနေခဲ့ပါတယ်။

ဒီလို လုပ်ဆောင်မှုတွေကြောင့် မြန်မာနိုင်ငံ အတွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၂၁ရက်နေ့အတွင်း စစ်ကောင်စီကြောင့် လူပေါင်း ၆၁၉၉ဦးသေဆုံးပြီးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။

အဆိုပါ အရေအတွက်ဟာ AAPPက ကလက်လှမ်းမှီသလောက် ကောက်ယူရရှိထားတဲ့ စာရင်းအရေအတွက်သာဖြစ်ပြီး ယခုထက်ပိုမိုများပြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here