Home သတင်း စစ်ရေး ရခိုင်-မကွေးနယ်စပ်တလျှောက်မှာ စစ်ကောင်စီနဲ့ PRA-Magwayတို့ တိုက်ပွဲဖြစ်ပွားနေ

ရခိုင်-မကွေးနယ်စပ်တလျှောက်မှာ စစ်ကောင်စီနဲ့ PRA-Magwayတို့ တိုက်ပွဲဖြစ်ပွားနေ

65
0

ရခိုင်-မကွေးနယ်စပ်တလျှောက်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိထားတယ်လို့ PRA-Magwayက ထုတ်ပြန်လာပါတယ်။

ဇန်နဝါရီလအတွင်းမှာ ရခိုင်-မကွေးနယ်စပ်တလျှောက်တပ်မ (၉၉) လက်အောက်ခံတပ်ရင်းတွေနဲ့ ထိတွေ့တိုက်ပွဲတွေရှိနေပြီး၊ စစ်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ပိတ်ဆို့ဖမ်းဆီးနေတယ်လို့ PRA-Magwayက ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ ပိတ်ဆို့ဖမ်းဆီးမှုဖြစ်စဉ်တွေအတွင်း ခမရ (၁၁၃)က ဗိုလ်ကြီး (၂) ဦးအပါအဝင် (၁၂) ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး၊ စစ်ကောင်စီဘက်က ဗိုလ်ကြီး (၂) ဦး၊ အရာခံဗိုလ် (၁) ဦးနဲ့ စုစုပေါင်း (၁၀) ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း (၁) လက်၊ လက်နက်ငယ် (၈) လက်နဲ့ ခဲယမ်းတွေ၊ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

ဇန်နဝါရီလ (၁၉) ရက်နေ့၊ နေ့လယ်ပိုင်းတုန်းကလည်း ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်း၊ ဂုတ်ကြီးကျေးရွာအနောက်ဘက် မီတာ ၂၅ဝဝ ခန့်အကွာမှာ ပဒါန်းဘက်ကနေ တက်လာတဲ့ စစ်ကောင်စီအင်အား (၁၀၀) ခန့်ပါ ခဲယမ်းတင်ကား (၄) စီးကို PRA-Magwayက ကြားဖြတ်တိုက်ခိုက်ခဲ့သေးတဲ့အကြောင်းကိုလည်း အသိပေးထားပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီကား (၁) စီး ပျက်စီးသွားခဲ့ပြီး (၅) ဦးသေဆုံးကာ (၈) ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ (၇) ရက်နေ့တုန်းကလည်း ဂုတ်ကြီးရွာကနေ ခွန်ဇူကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား (၃၀) ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က (၄) ဦးသေဆုံးကာ (၃) ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း PRA-Magwayက ဆိုပါတယ်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)အနေနဲ့ စစ်ရေးဆိုင်ရာရည်မှန်းချက်တွေအတိုင်း တစ်ဆင့်ချင်းအကောင် အထည်ဖော်လျက်ရှိပြီး မကြာမီကာလအတွင်းမှာ မြေပြန့်ဒေသတွေအထိ ထိုးစစ်အရှိန်မြှင့်တင် သွားမယ်လို့ထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here