အသက်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေအတွက် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို စစ်ကောင်စီက ဇန်နဝါရီ ၂၃ရက်နေ့မှာ စတင်ကြေညာလာပါတယ်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာ အခန်း(၁၀)ခန်း၊ နည်းဥပဒေအပိုဒ်ပေါင်း (၅၉) ပိုဒ်၊ နောက်ဆက်တွဲပုံစံ (၁၂)ခုနဲ့ ဖော်ပြထားတယ်လို့ စစ်ကောင်က ကြေညာထားပါတယ်။
အခန်း(၁)မှာ အမည်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ အခန်း(၂)မှာ ပြည်သူ့စစ်မှုထမ်းဖို့ အသက်နဲ့ ကာလတွက်ချက်တာ၊ အခန်း(၃)မှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အဆင့်ဆင့်ဖွဲ့စည်းတာနဲ့ လုပ်ငန်းတာဝန်တွေ၊ အခန်း(၄)မှာ စာရင်းပြုစုတာနဲ့ မှတ်ပုံတင်တာ၊ အခန်း(၅)မှာ ဆေးစစ်တာနဲ့ စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ပြုဖို့ဖြစ်စေ၊ စစ်မှုထမ်းရမယ့် ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးရန်ဖြစ်စေ၊ သီးခြားဖော်ပြထားတဲ့ ကာလအပိုင်းအခြားအထိ ရွှေ့ဆိုင်းရန်ဖြစ်စေ လျှောက်ထားတာ၊ အခန်း(၆)မှာ အမိန့်စာဆင့်ခေါ်တာ၊ အခန်း(၇)မှာ ဆေးစစ်ဆေးရေးဘုတ်အဖွဲ့တွေဖွဲ့စည်းတာနဲ့ လုပ်ငန်းတာဝန်တွေ၊ အခန်း(၈)မှာ ပြည်သူ့စစ်မှုထမ်းတို့ရဲ့ ခံစားခွင့်တွေ၊ အခန်း(၉)မှာ စစ်စည်းရုံးခြင်းနဲ့ အခန်း(၁၀)မှာအထွေထွေတို့ပါရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်အသက်သွင်းခဲ့ပြီးတာဖြစ်ပြီး၊ ၂၀၂၅ခုနှစ် နှစ်အစပိုင်းမှာတော့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို စတင်ပြဋ္ဌာန်းလာတာလည်းဖြစ်ပါတယ်။
ဒီဥပဒေအရ စစ်မှုထမ်းဖို့အကျုံးဝင်တဲ့ လူငယ်တွေအားလုံးဟာ စစ်ကောင်စီက ဆင့်ခေါ်ရင်မှတ်ပုံတင်စာရင်းသွင်းရမှာဖြစ်ပြီး၊ ပြည်ပနိုင်ငံတွေကို ထွက်ခွါမယ်ဆိုရင်လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်ရမှ ထွက်ခွါခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက ပြဌာန်းထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ – ၂၂ အရ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည် အမျိုးသမီးတွေ( အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်သည်)၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူတွေ၊ စစ်ကောင်စီရဲ့ ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းဖို့ အမြဲတမ်းမသင့်လျော် သူဖြစ်ကြောင်း သတ်မှတ်ထားသူတွေနဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်ပြီး ကင်းလွတ်ခွင့်ပြုထားသူတွေသာ စစ်မှုထမ်း ဥပဒေကနေ ကင်းလွတ်ခွင့်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။