ပြည်သူ့စစ်မှုထမ်း ဥပဒေအရ တပ်သားသစ်ဆင့်ခေါ်ရာမှာ ငွေကြေးတောင်းခံသူတွေကို အရေးယူသွားမှာဖြစ်ပြီး၊ ဥပဒေနဲ့အညီ ဆင့်ခေါ်မှုမရှိသူတွေကိုလည်း အကြောင်းကြားပေးဖို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
ပြည်သူ့စစ်မှုထမ်းတွေကို ဆင့်ခေါ်ရာမှာ သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေသတ်မှတ်ချက်တွေအတိုင်းသာ ဆင့်ခေါ်ရမှာဖြစ်ပြီး ငွေကြေးတောင်းခံတာ၊ လူစားထိုးလဲလှယ်ခြင်းတွေမရှိအောင် တာဝန်ရှိသူတွေကို အသိပညာပေးတာတွေလုပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၂၆ရက်နေ့တုန်းကဆိုရင် ပြည်သူတစ်ဦးရဲ့ သတင်းပေးပို့မှုအရ ရွှေဘိုမြို့နယ်အတွင်းမှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနဲ့ ပတ်သက်ပြီး ငွေကြေးအလွဲသုံးစားလုပ်နေတာကို သတင်းရခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ဒီဖြစ်စဉ်ကိုဖော်ထုတ်ရာမှာ ဇန်နဝါရီ ၂၄ရက် ည ၇နာရီဝန်းကျင်လောက်က ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ မြို့နယ်ရဲမှူး သန်းဇော်တို့ ဦးဆောင်တဲ့ ဧည့်စာရင်း စစ်ဆေးရေးအဖွဲ့ဟာ ရွှေဘိုမြို့ အမှတ်(၄) ရပ်ကွက်အတွင်းမှာ ဧည့်စာရင်းလိုက်လံစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးရာမှာ မောင်ကျော်မင်းခန့်အသက် (၂၄)နှစ်ဟာ ဧည့်စာရင်းတိုင်ကြားတာမရှိဘဲနေထိုင်နေတဲ့အတွက် ပြည်သူ့စစ်မှုထမ်းစာရင်းသွင်းမယ်ဆိုပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
မောင်ကျော်မင်းခန့်ဖမ်းဆီးခံရချိန်မှာ ၎င်းရဲ့ မိဘဖြစ်သူတွေကို ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာရှိတဲ့ အငယ်တန်းစာရေး သူရိန်ညွန့်က ဆက်သွယ်ပြီး သိန်း ၁၃၀ပေးမယ်ဆိုရင် လူစားလှဲလှယ်ပေးမှာဖြစ်တဲ့အကြောင်း ဆက်သွယ်ပြောဆိုလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။



ဇန်နဝါရီ ၂၅ရက် ညနေ ၃နာရီခန့်မှာတော့ မောင်ကျော်မင်းခန့်ရဲ့ ဖခင်ဖြစ်သူက သိန်း ၁၃၀ပေးဆောင်ခဲ့ပြီး၊ အဆိုပါ ပိုက်ဆံတွေကို ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်က ၂၅သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အကြီးတန်းစာရေး ကျော်ခိုင်လတ်က ၂၅သိန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အငယ်တန်းစာရေး သူရိန်ညွှန့်က သိန်း ၃၀၊ ဖမ်းဆီးခံရတဲ့မောင်ကျော်မင်းခန့်အစား လူစားထိုးလဲလှယ်မယ့် ရွှေဘိုမြို့၊အမှတ်(၁၀)ရပ် ကွက် နေထိုင်သူ သန်းစိုးထိုက်က သိန်း ၅၀စသဖြင့် အသီးသီးခွဲယူခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်အပေါ် စစ်ကောင်စီအနေနဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အလွဲသုံးစားပြုလုပ်ခဲ့သူတွေကို အရေးယူထားပြီး ၎င်းတို့ရယူခဲ့တဲ့ သိန်း ၁၃၀ကိုလည်း မောင်ကျော်မင်းခန့်ရဲ့ မိသားစုကို ပြန်လည် ပေးအပ်ထားတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ဒီလို စစ်မှူးထမ်းကိစ္စ နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအတွင်းမှာလည်း စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေဟာ ငွေကြေးတောင်းခံတာတွေ ဆက်တိုက်ရှိနေပြီး စစ်မှုထမ်း အမည်စာရင်းပါပြီး စစ်မှူးမထမ်းလိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ငွေကျပ် ၁၀၀၀၀၀ ကျပ်စီ ပေးဆောင်နေရတာ ရှိတယ်လို့ ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့က ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“ကျနော်တို့ဆီမှာလည်း ကောက်တယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကောက်တာ စစ်မှူးထမ်းပါပြီး စစ်မှူမထမ်းချင်ရင် တစ်သိန်းပေးလို့ကောက်တယ်။ ကျနော်တို့ ပေးရတာ ၂ လရှိပြီ ။စစ်မှုထမ်း အမည်စာရင်းပေါက်တဲ့ သူတွေပဲပေးရတာတော့ မဟုတ်ဘူး။စစ်မှုထမ်းမယ့်သူ မရှိတဲ့ အိမ်တွေကလည်း တစ်လကို ၅ သောင်းနူန်းသွင်းရတယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီမှာ တစ်လ တစ်ကြိမ်ပုံမှန်သွင်းပေးနေရတယ်လို့” သူကဆိုပါတယ်။
စစ်ကောင်စီကတော့ ပြည်သူတွေအနေနဲ့လည်း ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီဆင့်ခေါ်မှုမရှိဘူးဆိုရင် သက် ဆိုင်ရာတာဝန်ရှိသူတွေဆီ ဆက်သွယ်သတင်းပေးပို့ ပူးပေါင်းပေးဖို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အသက်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ပြဌာန်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်းမှာ စစ်မှုမထမ်းချင်သူတွေက သက်ဆိုင်ရာတွေကို ငွေပေးပြီး လူစားလဲခဲ့တဲ့ဖြစ်စဉ်တွေအများအပြားရှိခဲ့ပါတယ်။