ကန့်ဘလူ – ပလဖ အချုပ်စခန်းက အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံရမှုနဲ့ပတ်သက်ပြီး ၂နှစ်နီးပါးကြာမြင့်လာတဲ့အထိ ကျူးလွန်သူတွေကို အရေးမယူနိုင်သေးတဲ့ အမျိုးသားညီညွတ်ရေးအစိုး ရ(NUG) ကို အမျိုးသမီးအဖွဲ့အစည်းတွေက ရှုတ်ချလာပါတယ်။
ပြည်သူ့စစ်သား ဇနီးများ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ Gender Equality Network – GEN၊ Politic for Women Myanmar၊ Sisters to Sisters၊ Women Alliance Burma – WAB၊ Women Peace Network – WPNနဲ့ Women Advocacy Coalition – Myanmar – WAC တို့က ရှုတ်ချလာတာ ဖြစ်ပါတယ်။
NUG လက်အောက်မှာရှိတဲ့ ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ (ပအဖ)နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့ဝင်တွေက C2 လို့ခေါ်ကြတဲ့ ကန့်ဘလူ- ပလဖ အချုပ်စခန်း (၂)မှာရှိတဲ့ အမျိုးသမီးတွေကို လိင်အကြမ်းဖက်မှု ကျုးလွန်တာနဲ့ ပတ်သက်ပြီး သတင်းထွက်ပေါ်နေတာ ၂ နှစ်နီးပါး ကြာမြင့်နေပြီလို့ အမျိုးသမီးအဖွဲ့အစည်းတွေက ဆိုပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကာယကံရှင်တွေရဲ့ အမှုဖွင့်တိုင်ကြားမှုတွေဟာ တစ်မှုထက်ပိုဖြစ်ပွားခဲ့သလို အချို့အမှုဆိုရင် မျက်မြင်သက်သေတွေနဲ့အတူ အဆင့်ဆင့်တိုင်ကြားမှုတွေရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် သတင်းစတင်ထွက်ပေါ်ချိန်ကစပြီး NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက (၂) ကြိမ်တိုင် စစ်ဆေးဖြေရှင်း မှုတွေပြုလုပ်ခဲ့ပေမယ့် သံသယရှိသူတွေကို ပုံမှန်ရာထူးအောက်မှာ စစ်ဆေးမှုပြုလုပ်ခဲ့ခြင်း၊ ရလဒ်နဲ့ ပတ်သက်ပြီး တိုင်ကြားတင်ပြသူတွေကိုယ်တိုင် မသိရခြင်း၊ မည်သည့်အရေးယူဆောင်ရွက်မှု တစုံတရာမျှ ထွက်ပေါ်လာခြင်းတို့ မရှိခဲ့ဘူးလို့ အမျိုးသမီးအဖွဲ့အ စည်းတွေက ဆိုပါတယ်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှာလည်း ကာယကံရှင် အမျိုးသမီး (၂) ဦးကိုယ်တိုင် အမှုဖွင့် တိုင်ကြားခဲ့ပေမယ့် ယနေ့အချိန်အထိ သံသယရှိသူတွေဖြစ်တဲ့ NUGဝန်ထမ်းတွေကို ဖမ်းဆီးစစ်ဆေးဖို့ ပြည်ထဲရေးဝန်ကြီးရဲ့ ခွင့်ပြုချက်ကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတာဟာ အမျိုးသမီးများ အကြမ်းဖက်မှုကို အဆုံးသတ်မည်လို့ ကြွေးကြော်နေတဲ့ NUGအတွက် အကျည်းတန်တဲ့ အခြေအနေဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။
ဒါကြောင့် ကာယကံရှင်တွေရဲ့ လက်ရှိ အမှုဖွင့်တိုင်ကြားချက်တွေကို အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့နဲ့ ယခင် ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူခဲ့တဲ့ စစ်ဆေးရေးလုပ်ငန်းစဉ်အားလုံးကို NUGက ပွင့်လင်းမြင်သာမှုရှိစွာ ပြန်လည်တာဝန်ခံ ဖြေရှင်းပေးဖို့လည်း အမျိုးသမီးအဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။
ကန့်ဘလူစခန်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ်အပါအဝင် အလားတူ အမှုကိစ္စတွေကို ကျူးလွန်ခဲ့တဲ့ ကျူးလွန်သူတွေကို ထိရောက်စွာ အပြစ်ပေးအရေးယူဖို့နဲ့ နစ်နာသူ အမျိုးသမီး၊ မိန်းကလေး ငယ်တွေအတွက် အမှန်တရား၊ တရားမျှတမှု အမြန်ဖော်ဆောင်ပေးဖို့လည်း အမျိုးသမီးအဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးအစိုးရ အနေနဲ့ အစိုးရဌာနအသီးသီးမှာ အလားတူ လိင်ပိုင်းဆိုင်ရာအကြမ်းမှုတွေ ဆက်လက်မဖြစ်ပွားစေဖို့နဲ့ ကြိုတင် တားဆီးရန်အတွက် ပညာပေးလုပ်ငန်းတွေကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့၊အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာမူဘောင်ကို အမြန်ဆုံး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ဖို့လည်း အမျိုးသမီးအဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။