စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာက အရပ်သားတွေ ခေါင်းဖြတ်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)အနေနဲ့ စုံစမ်းစစ်ဆေးကာ အရေးယူဖို့ Fortify Rightက တောင်းဆိုလာပါတယ်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁၇ရက်နေ့တုန်းကဖြစ်ပွားခဲ့တဲ့ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို မြန်မာစစ်တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး အရေးယူဖို့ တောင်းဆိုလာတာလည်းဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ စိတ်ဓာတ်စစ်ဆင်ရေးတစ်ရပ်အနေနဲ့ စီပါကျေးရွာက အရပ်သား ၆ဦးကို သတ်ဖြတ်ခဲ့ပုံပေါ်ပြီး၊ သတ်ဖြတ်ခံရသူတွေထဲက ၃ဦးဟာ ခေါင်းနဲ့ ကိုယ်လက်အင်္ဂါတွေ တပိုင်းစီဖြတ်တောက်ခံထားရတာ၊ ဖြတ်ခံထားရတဲ့ ဦးခေါင်းတွေကို စီပါရွာက အိမ်ခြံစည်းရိုးတွေအပေါ်မှာ ချိတ်ဆွဲပြသတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ အသက်ဘေးကရှင်သန်လွတ်မြောက်လာသူတွေကြားထဲမှာ ကြောက်စိတ်တွေထည့်ပေးတာဖြစ်ပြီး အတင်းအကြပ်နေရပ်ကနေ မောင်းထုတ်တာနဲ့ ခုခံတော်လှန်မှုတွေကိုတားဆီးဖို့ နည်းပရိယာယ်ဖြစ်တယ်လို့ Fortify Rightက အသိပေးထားပါတယ်။
Fortify Rightအနေနဲ့လည်း စီပါကျေးရွာမှာ သတ်ဖြတ်ခံရသူ ၆ဦးထဲက ၅ဦးကို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာအတည်ပြုနိုင်ခဲ့ပြီး ကျန် ၁ဦးကိုတော့ စီပါရွာ ဒေသခံရွာသားတွေကပါ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
အတည်ပြုနိုင်သူတွေကတော့ ဦးတင်လှိုင် အသက် ၈၀ ခန့် (အသက်အတိအကျ မသိရ) ၊ ဦးသက်အောင် အသက် ၄၂ နှစ်၊ ဦးကျောင်းပို အသက် ၅၇ နှစ်၊ ဦးရာစိန် အသက် ၅ဝ ခန့် (အသက်အတိအကျ မသိရ)နဲ့ ဦးဌေးလွင် အသက် ၅၀ ခန့် (အသက်အတိအကျ မသိရ) တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး စီးနင်းတိုက်ခိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်ကို တိုက်ရိုက် သိမြင်၊ သိကြားထားတဲ့ မျက်မြင် သက်သေ ၈ဦးကို တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
Fortify Rightsက ရရှိခဲ့တဲ့ စီပါရွာ အရပ်သားတွေသတ်ဖြတ်ခံရမှု ဓာတ်ပုံမှတ်တမ်းတွေထဲမှာဆိုရင်လည်း မီးလောင်ထားတဲ့ အရိုးတွေ၊ ဖြတ်တောက်ထားတဲ့ ခြေထောက်တွေ၊ လက်တွေနဲ့ လိင်အင်္ဂါတွေ အပါအဝင် အပိုင်းပိုင်း ဖြတ်တောက်ထားခံရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ၊ ဝါးခြံစည်းရိုးမှာ တင်ရုံချိတ်ထားတဲ့ ဖြတ်ခံထားရတဲ့ ဦးခေါင်း ၃လုံးပုံတွေကို မြင်တွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေအရ အရပ်သားတွေနဲ့ စစ်ပွဲတွေမှာ ဆက်လက်ပါဝင်နိုင်စွမ်း မရှိသူတွေကို ကာကွယ်ပေးထားတဲ့ ဥပဒေအပါအဝင် လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းရာမှာ လိုက်နာရမယ့် အခြေခံစည်းကမ်း စစ်ဥပဒေကိုထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
ကိုယ်လက် အင်္ဂါအစိတ်အပိုင်းတွေကို ဖြတ်တောက်တာဟာ ဂျီနီဗာသဘောတူညီချက်တွေရဲ့ဘုံအပိုဒ် ၃ နဲ့ ICC ရောမဥပဒေရဲ့ အပိုဒ် ၈ အရ စစ်ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားတယ်လို့ Fortify Rightsက အသိပေးထားပါတယ်။
တမင်တကာ ခေါင်းဖြတ်သတ်တာ၊ ကိုယ်အစိတ်အပိုင်းအပြတ်အတောက်တွေကို လူမြင် ကွင်းမှာ ခင်းကျင်းပြ သပြီး အရပ်သားတွေအကြား ကြောက်စိတ်တွေထည့်သွင်းတဲ့ အကြမ်းဖက်ခြင်းဟာ ပထမထပ်လောင်း ပရိုတိုကော အပိုဒ် ၅၁ (၂) အရ ဖော်ပြထားတဲ့အရပ်သားတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးပြုလုပ်ခြင်း တားမြစ်ထားတာကို ချိုးဖောက်တာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ ယခုကဲ့သို့ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ စစ်နည်းဗျူဟာတွေကို အကြမ်းဖက်စစ်တပ်ရဲ့ စစ်သားတွေကျူးလွန်တာဟာ ယခုဖြစ်စဉ်က ပထအကြိမ်မဟုတ်ဘဲ၊ ၂၀၂၃ ခုနှစ်အတွင်းမှာလည်း ပုလဲမြို့နယ်မှာ အနည်းဆုံး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ဦးနဲ့ အရပ်သား ၁ဦးကို ခေါင်းဖြတ်သတ်ခဲ့တဲ့အကြောင်း Fortify Rightsက အသိပေးထားပါတယ်။
ဒါကြောင့် ICC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အခြေအနေကို ICC အစိုးရရှေ့နေထံ ချက်ချင်းလွှဲပြောင်းပေးသင့်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ အာဏာသိမ်းမှု ဖြစ်စဉ် အပြီးနောက် အရပ်သားတွေအပေါ်ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် အာဏာရှင်မြန်မာစစ်ကောင်စီကို တရားစွဲဆိုသင့်တယ်လို့ Fortify Rightsက တိုက်တွန်းထားပါတယ်။