Home သတင်း ရန်ကုန်မှာ တစ်လအတွင်း လူ ၄၀၀ကျော်ကို စစ်ကောင်စီ ဖမ်းဆီး

ရန်ကုန်မှာ တစ်လအတွင်း လူ ၄၀၀ကျော်ကို စစ်ကောင်စီ ဖမ်းဆီး

36
0

CNA၊ ဖေဖော်ဝါရီ၊ ၆။

ရန်ကုန်တိုင်းအတွင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် ဇန်နဝါရီလအတွင်းမှာတင် လူပေါင်း ၄၇၅ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ Rangoon Scout Network(RSN) ကထုတ်ပြန်လာပါတယ်။

RSNအနေနဲ့ ဇန်နဝါရီလအတွင်းမှာ စစ်ကောင်စီရဲ့ အဖမ်းအဆီးဖြစ်စဉ် ၂၀၀ခန့်ကို သိရှိခဲ့ရပြီး၊ အဲ့ဒီဖြစ်စဉ်တွေထဲက ဖြစ်စဉ် ၅၃ခုကိုတော့ အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက လမ်းမပေါ် တွေ့ရာ လိုက်ဆွဲလို့ ဖမ်းဆီးခံရသူဦးရေမှာ ၂၄၁ဦးရှိခဲ့ပြီး၊ ၃ဦးသာ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်မှာ ရှိနေတဲ့ သာကေတမြို့နယ်အတွင်းမှာ နေထိုင်နေတဲ့ ရခိုင်ဒေသခံတစ်ဦးပြောတာက”ဖမ်းတာတော့တော်တော်ဖမ်းခံရတယ် သာကေတ ၊ ယုဇန မြို့တွေထဲက ရွှေပန်းထိမ်လုပ်နေတဲ့အိမ်က ကောင်းလေးတွေ တော်တော်များများဖမ်းခံရတာရှိတယ် သူတို့ ထုတ်ပြန်တဲ့ စာရင်းတွေတောင် နည်းရင်းနည်းဦးမယ်။ဖမ်းတာက ဧည့်စာရင်းအကြောင်းပြချက် ပြီးတော့ ရခိုင်ဖြစ်နေလို့ဖမ်းခံရတာတွေ ရှိတယ်။ ည ၉ နာရီဆိုရင် လမ်းထွက်မရဘူး တွေ့ရင်ဖမ်းတယ်လို့” သူကဆိုပါတယ်။

ဧည့်စာရင်းစစ်ပြီး ဖမ်းခေါ်ခံရသူ ၇၇ ဦး၊ လမ်းမပေါ် သွားလာနေစဉ် စစ်ဆေးခံရပြီး ဖမ်းခံရသူ ၅၈ ဦး၊ သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၅၁ ဦးနဲ့ စစ်မှုထမ်းစာရင်းပါလို့ ဖမ်းခေါ်ခံရသူ ၄၈ ဦး ရှိတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးရဲဘော်တွေလို့ဆိုပြီး အမည်တပ်ခံရလို့ လိုက်လံဖမ်းဆီးခံရသူ ၁၇ ဦး၊ အွန်လိုင်းပေါ်မှာ လှုံ့ဆော်စာတွေ ရေးသားလို့ ဖမ်းဆီးခံရသူ ၁ ဦး၊ စစ်ကောင်စီက YBS ကားပေါ်တက်ပြီး ဖမ်းဆီးတဲ့ ဖြစ်စဉ် ၂ ခုမှာလည်း ဖမ်းဆီးခံရသူ အမျိုးသား ၂၄ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ယခုဖော်ပြထားတဲ့ စာရင်းအရေအတွက်တွေဟာ ခွဲခြမ်းစိတ်ဖြာ တွက်ချက်မှုတွေအရ အတည်ပြု သိရှိခဲ့ရတဲ့ ဖြစ်စဉ် ၁၄၇ရဲ့ စာရင်းဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

စာရင်းအရေအတွက်တွေကိုတော့ RSN၊ ချိတ်ဆက်အဖွဲ့အစည်းတွေနဲ့ မီဒီယာ‌တွေရဲ့ သတင်းတွေကို ကိုးကားပြုစုတွက်ချက်ထားတာသာဖြစ်ပြီး၊ လက်တွေ့မြေပြင်အခြေအနေမှာ ယခုထက် ပိုပြီးဆိုးရွားနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here