Home သတင်း ချင်းပြည်အတွင်းမှာ အာရက္ခတပ်တော် ဘယ်အချိန်ထိ တပ်ချထားမလဲဆိုတာ ဝေဝါးနေတယ်လို့ ချင်းပြည်ကောင်စီဆို

ချင်းပြည်အတွင်းမှာ အာရက္ခတပ်တော် ဘယ်အချိန်ထိ တပ်ချထားမလဲဆိုတာ ဝေဝါးနေတယ်လို့ ချင်းပြည်ကောင်စီဆို

133
1

CNA၊ ဖေဖော်ဝါရီ၊ ၇။

ချင်းပြည်နယ်အတွင်းမှာ အာရက္ခတပ်တော်(AA)အနေနဲ့ ဘယ်အချိန်ထိ တပ်တွေချထားမလဲဆိုတာဟာ ဒေသခံတွေရော ချင်းပြည်ကောင်စီ(CC)အနေနဲ့ပါ ဝေဝါးနေတဲ့မြင်ကွင်းဖြစ်တယ်လို့ ချင်းပြည်ကောင်စီ အတွင်းရေးမှူး Salai Paul က ပြောဆိုလာပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့တုန်းက ကျင်းပတဲ့ ချင်းပြည်(Chinland) ကောင်စီ တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ယခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးခြင်းအတူတူ ရခိုင်လူမျိုးတွေလွတ်မြောက်ဖို့အတွက် အာရက္ခတပ်တော်အနေနဲ့ ချင်းပြည်အတွင်း ဝင်ရောက်လှုပ်ရှားတာကို အထူးတလည်ပြောစရမလိုသလို၊ အာရက္ခတပ်တော်ဟာ ချင်းပြည်အတွင်းမှာ ဝင်ရောက်လှုပ်ရှားတာ ယခုမှမဟုတ်ဘဲ ၁၀စုနှစ် တစ်ခုလောက်ရှိပြီဖြစ်ကြောင်း ချင်းပြည်ကောင်စီ အတွင်းရေးမှူး Salai Paul က ပြောပါတယ်။

ချင်းပြည်အတွင်းမှာရှိတဲ့ မြို့တွေ၊ စခန်းတွေသိမ်းတဲ့အပေါ်မှာလည်း စစ်ရေးမဟာဗျူဟာအရ လိုအပ်လို့ သိမ်းပိုက်ခဲ့တာတွေကိုလည်း အာရက္ခတပ်တော်အနေနဲ့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးလို့ရတဲ့ အခိုက်အတန့်လို့ မြင်မိတဲ့အကြောင်း Salai Paulက ဆိုပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော်ဟာ ဝင်ရောက်လှုပ်ရှားတယ်ဆိုတာထက် ဝင်ရောက်တပ်စွဲပြီး တပ်စခန်းတွေတည်ဆောက်တာ၊ အုပ်ချုပ်ရေးယန္တာရား တည်ဆောက်လာတဲ့အပိုင်းတွေ တွေ့လာရတယ်လို့လည်း ချင်းပြည်ကောင်စီ အတွင်းရေးမှူး Salai Paul က ပြောပါတယ်။

ဒါတွေဟာ စစ်ရေးလိုအပ်ချက်အရ ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပေမယ့် ဘယ်လိုမျိုး စစ်ရေးလိုအပ်ချက်ရှိသလဲ၊ ဘယ်လောက်အချိန်အတိုင်းအတာအထိ တပ်စခန်းချမလဲဆိုတဲ့အပေါ်မှာတော့ ဒေသခံတွေရော ချင်းပြည်ကောင်စီ(CC)အနေနဲ့ပါ ဝေဝါးနေတဲ့မြင်ကွင်းတစ်ခုလို့ ပြောလို့ရတဲ့အကြောင်း Salai Paul က ပြောပါတယ်။

ချင်းနဲ့ ရခိုင်ဟာ ပထဝီနယ်မြေအရ ထိစပ်နေတဲ့ လူမျိုးတွေဖြစ်တဲ့အတွက် အပြန်အလှန် စစ်ရေးအရ ကူညီတာ၊ ပံ့ပိုးတာ၊ လိုအပ်တဲ့ဟာတွေကို အာရက္ခတပ်တော်နဲ့ ချင်းပြည်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်လို့ရတာတွေ အများကြီးရှိတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် အာရက္ခတပ်တော်ရဲ့ ရှင်းလင်းပြတ်သားတဲ့ မဟာဗျူဟာတွေ၊ ဘယ်လိုကြောင့် ဝင်ရောက်ခြေကုပ်ယူတယ်၊ ဘယ်လိုကြောင့် စခန်းသိမ်းပြီး အခြေချရသလဲဆိုတဲ့ဟာတွေကို ဆွေးနွေးဖို့ ဘယ်လိုဆွေးနွေးရမလဲဆိုတဲ့ အထိုင်ကို မသိတဲ့အတွက် ဒွိဟ ဖြစ်စေတယ်လို့လည်း Salai Paul က ပြောပါတယ်။

ချင်းပြည်(Chinland) ကောင်စီ အနေနဲ့ ULA/AAနဲ့ အမြဲတမ်း တွေ့ဆုံဆွေးနွေးလိုပြီး တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက်လည်း တရားဝန် စာပေးပို့ထားတာတွေရှိတယ်လို့လည်း ချင်းပြည်ကောင်စီ အတွင်းရေးမှူး Salai Paul က သတင်းစာ ရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here