Home လူ့အခွင့်အရေး စစ်တွေက အရပ်သား ၄ ဦးကို ALP ကဖမ်းဆီးပြီး မိသားစုတွေကို ငွေနဲ့လာရွေးဖို့ ဖိအားပေးခြိမ်းခြောက်နေ

စစ်တွေက အရပ်သား ၄ ဦးကို ALP ကဖမ်းဆီးပြီး မိသားစုတွေကို ငွေနဲ့လာရွေးဖို့ ဖိအားပေးခြိမ်းခြောက်နေ

75
0

CNA ၊ လင်းလင်း။

စစ်ကောင်စီ နဲ့ အပေါင်းအပါဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ ဝင်တွေဟာ စစ်တွေ မြို့နယ်အတွင်းက လူငယ် ၄ ဦးကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်မှာ ဖမ်းဆီးပြီးတော့ ငွေ နဲ့ အမြန်ဆုံးလာရွေးဖို့ ဖိအားပေးခြိမ်းခြောက်တာတွေကို လုပ်ဆောင်နေတယ်လို့ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေ ရဲ့အသိုင်း အဝိုင်းနဲ့ နီးစပ်တဲ့ စစ်တွေ ဒေသခံတွေကပြောပါတယ်။

စစ်တွေမြို့ မင်းဂံအကွက် ၁၄ က မောင်ဆန်းကိုဦး၊မောင်နီတူးချေ ၊မောင်ဇော်နိုင်ဦး နဲ့ မောင်ပုချေဆိုတဲ့လူငယ် ၄ ဦးဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့မနက်ပိုင်း မှာ ABC မိဘမဲ့ဂေဟာအနီးမှာ ALP တပ်ဖွဲ့ဝင် ၂၀ ခန့်က ဖမ်းဆီးခေါ်ဆောင်တာကို ခံခဲ့ရတာဖြစ်ပြီးနောက် မီးလောင်ကွင်းရှိ ALP ရုံးတွင်းကို ခေါ်ဆောင်သွားပြီး သားသမီးတွေ ကိုမိဘတွေ အနေ နဲ့ ငွေကြေး နဲ့ လာရောက်ရွေးထုတ်ဖို့ အကြောင်းကြားလာခဲ့တာဖြစ်တယ်လို့ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေ ရဲ့အသိုင်း အဝိုင်းနဲ့ နီးစပ်တဲ့ စစ်တွေ ဒေသခံ တစ်ဦးက CNA ကိုပြောပါတယ်။

“ဖမ်းဆီးတာကတော့ လမ်းမှာတွေ့လို့အကြောင်းပြချက်မရှိဖမ်းဆီးသွားတာ။တစ်ယောက်ကို သိန်း ၃၀ နဲ့ ပေးရွေးရမယ်လို့တော့ပြောတယ်။ကလေးတွေကိုလည်း တော်တော်ရိုက်နှက်တာတွေလုပ်ခံထားရတယ်လို့ သိရတယ် သူတို့အဖွဲ့တွေက အဲဒီလို ခဏခဏလုပ်နေတာရှိတယ်စစ်တွေမှာက”လို့ သူကပြောပါတယ်။

အဲဒီဖမ်းဆီးခံရတဲ့ ကလေးငယ်တွေရဲ့ မိဘတွေဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ သားသမီးတွေ နဲ့ တွေ့ခွင့်ရဖို့အတွက် မီးလောင်ကွင်းမှာရှိနေတဲ့ ALP ရုံးကို သွားရောက်ခဲ့ပေမယ့် သူတို့တောင်းထားတဲ့ ငွေကြေးကို မပေးနိုင်တဲ့ အတွက် အဝေးကသာ ကြည့်ခွင့်ရပြီး ပြန်လာခဲ့ရတယ်လို့လည်း ဆိုပါတယ်။

လက်ရှိဖမ်းဆီးခံထားရတဲ့ လူငယ်တွေ ရဲ့ မိသားစုဝင်တွေဟာ လက်လုပ်လက်စားတွေသာဖြစ်ကြပြီး လက်ရှိစစ်ပွဲကြားအလုပ်အကိုင်မရှိတဲ့ အခြေအနေမှာ သူတို့တောင်းဆိုထားတဲ့ ငွေကို မပေးနိုင်တဲ့ အတွက် အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း ဖမ်းဆီးခံထားရတဲ့ လူငယ်တွေ ရဲ့အသိုင်း အဝိုင်းနဲ့ နီးစပ်တဲ့ စစ်တွေ ဒေသခံ ကဆက်လက်ပြောဆိုပါတယ်။

“အချိန် ၄ ရက်ထပ်ပေးလိုက်တယ် သူတို့တောင်းထားတဲ့ ငွေ နဲ့လာရွေးရမယ်ဆိုပြီးတော့ပေါ့ ဒါပေမယ့်ခက်တာက သူတို့အကုန်လုံးက လက်လုပ်လက်စားဖြစ်ပြီး အခုလိုစစ်ပွဲတွေ နဲ့ အလုပ်လက်မဲ့ ဖြစ်နေချိန်မှာ ဘယ်လိုမှ ရှာပေးနိုင်မှာလည်း မဟုတ်ဘူး။ဒီအချိန် ၄ ရက်အတွင်းမှာ မရွေးနိုင်ခဲ့ရင်တို့ သူတို့ ဘာလုပ်မလဲဆိုတာကိုဘဲ ကျနော်တို့က စောင့်ကြည့်ရမယ့် အနေအထားမှာ ရှိနေပြီ”လို့ သူကဆိုပါတယ်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ( ALP ) ဟာ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်ဆဲရေးသဘောတူစာချုပ်NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး စစ်ကောင်စီက မတရားအာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီတပ်တွေ နဲ့ပူးပေါင်းကာ ရခိုင်ကလူငယ်တွေကို ဖမ်းဆီးတာ၊သတ်ဖြတ်တာ၊ငွေညှစ်တာ၊လုယှက်တာတွေ အပြင် စစ်ကောင်စီဘက်ကနေ စစ်ကူအနေအနဲ့ တိုက်ပွဲအတွင်းမှာ တိုက်ခိုက်ပေးနေတဲ့ အဖွဲ့တဖွဲ့လည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here