မြန်မာနိုင်ငံအတွင်းက နိုင်ငံလူဦးရေ စုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်း သို့မဟုတ် ၁၉.၉ သန်းခန့်ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အလွန်အမင်းလိုအပ်နေပြီး၊ အဲ့ဒီကြီမားတဲ့ လိုအပ်ချက်ဟာ ကလေးသူငယ်တွေနဲ့ အရပ်သားတွေအပေါ် ပျက်စီးဆုံးရှုံးမှုတွေကို မီးမောင်းထိုးပြနေသလို မျိုးဆက်တစ်ခုလုံး နောက်ကျကျန်နေခဲ့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ UNICEF Myanmarက အသိပေးထုတ်ပြန်လာပါတယ်။
အဲ့ဒီအရေအတွက်ထဲမှာ ကလေးငယ် ၆.၄ သန်း ပါဝင်ပြီး ဒီပမာဏဟာ မြန်မာကလေးငယ်တွေရဲ့ သုံးပုံ တစ်ပုံခန့်ဖြစ်တယ်လို့လည်းဆိုပါတယ်။
ပဋိပက္ခတွေ၊ မလုံခြုံမှုတွေ၊ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုတွေ၊ အရေးပေါ်ဝန်ဆောင်မှု ပြတ်တောက်တာတွေကြောင့် မြန်မာနိုင်ငံအတွင်းက ကလေးငယ် ၅ သန်းနီးပါးဟာ ပညာသင်ကြားခွင့်တွေဆုံးရှုံးနေရတယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် သင်ယူမှုအခွင့်အလမ်းတွေ လျော့နည်းလာတာ၊ ကလေးတွေဟာ ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းတွေရဲ့ အတင်းအဓမ္မ လူသစ်စုဆောင်းခံရခြင်း၊ အသက်မပြည့်မီ/အတင်းအကြပ် လက်ထပ်ထိမ်းမြားခံရခြင်း၊ ကလေးလုပ်သားအဖြစ် အသုံးပြုခံရခြင်းနဲ့ အခြားပြင်းထန်သောအခွင့်အရေးချိုးဖောက်မှုအန္တရာယ်တွေကို ရင်ဆိုင်နေကြရတယ်လို့လည်း ဆိုပါတယ်။
အကယ်လို့ ၂၀၂၅ ခုနှစ်အတွင်းမှာ ဤကဲ့သို့ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် မျိုးဆက်တစ်ခုလုံးဟာ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းတွေ ဆုံးရှုံးမယ့် အန္တရာယ်ရှိနေပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်တယ်လို့ UNICEF Myanmarက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ “ကာကွယ်ဆေးလုံးဝမရရှိသေးသော” ကလေးများ အများဆုံးရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပြီး၊ နိုင်ငံအတွင်းက ကလေးငယ် ၁သန်းကျော်ဟာ ရောဂါတွေကို ကာကွယ်ဖို့ကာကွယ်ဆေးတွေ ထိုးနှံတိုက်ကျွေးနိုင်ခြင်းမရှိသေးဘူးလို့လည်း အသိပေးထားပါတယ်။
၂၀၂၄ခုနှစ်အတွင်းမှာပြုလုပ်ခဲ့တဲ့ ကာကွယ်ဆေးတွေ ပြန်လည်ထိုးနှံတိုက်ကျွေးရေး အစီအစဉ်တွေဟာ တိုးတက်မှုအချို့ရှိခဲ့ပေမယ့် ပဋိပက္ခတွေပိုမိုပြင်းထန်လာတာကြောင့် တိုးတက်မှုတွေ ပြောင်းပြန်ဖြစ်လာနိုင်တဲ့အပြင် အိမ်နီးချင်းနိုင်ငံတွေမှာပါ အစုလိုက်ရောဂါဖြစ်ပွားစေနိုင်ခြေ ပိုမိုများပြားလာစေနိုင်တယ်လို့လည်း UNICEF Myanmarက ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ်မှာ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေ လုံခြုံစွာသွားလာနိုင်ရေးနဲ့ အချိန်မီရန်ပုံငွေရရှိရေး
တို့ဟာ အရေးကြီးဆုံးဖြစ်လာတယ်လို့လည်း UNICEF Myanmarက ဆိုပါတယ်။
ယခုနှစ်အတွင်းမှာ ကလေးငယ် ၅ သိန်း ကျော်ဟာ ပြင်းထန်အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရပြီး အရေးပေါ်ထောက်ပံ့မှုမရရှိတာကြောင့် အများအပြားမှာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့လည်း အသိပေးထားပါသေးတယ်။ အာဟာရဆိုင်ရာ ပံ့ပိုးမှုတွေကို အမြန်ဆုံး မပြုလုပ်နိုင်ဘူးဆိုရင် ကလေးငယ်တွေရဲ့ ရေရှည်ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးတို့မှာ မရေရာ မသေချာသော အခြေအနေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း UNICEF Myanmarက ထုတ်ပြန်ထားပါတယ်။