တရုတ်အစိုးရရဲ့ စီစဉ်ချက်အရ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLAရဲ့ ကိုယ်စားလှယ်တွေ ကူမင်းမြို့ကိုရောက်ရှိနေပြီလို့ TNLAက ထုတ်ပြန်ပါတယ်။
ဒီကနေ့ ဖောဖော်ဝါရီ ၁၅ရက်မှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို ရောက်ရှိနေတာဖြစ်ပြီး PSLFအဖွဲ့မှာ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်မယ်လို့ TNLAက ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ MNDAA ကိုးကန့်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့သူဖြစ်တဲ့ ကစထ(၁) မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်မှာဖြစ်တယ်လို့ သိရကြောင်း TNLAက အသိပေးထားပါတယ်။
ဆွေးနွေးပွဲကို တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်မှုအရ
ဖေဖော်ဝါရီ ၁၆ရက်မှာ စတင်မှာဖြစ်ပြီး လက်ရှိစစ်ရေးပြဿနာတွေပြေလည်နိုင်စေဖို့ ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ရက်နေ့တုန်းကလည်း စစ်ကောင်စီနဲ့ MNDAAတို့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါသေးတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇စစ်ဆင်ရေးအတွင်းမှာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မြို့တွေကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ မကြာခဏဆိုသလို လုပ်ဆောင်လျှက်ရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာဆိုရင် တအာင်းပြည်အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၃ဦးသေဆုံးပြီး၊ ၂၀ကျော်ဒဏ်ရာရခဲ့တယ်လို့ TNLAရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။