
CNA၊မြတ်သူ။
အာရက္ခတပ်တော် အေအေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ဒေသတွင်း အဆင်ပြေလာဖို့အတွက် စီးပွါးရေ လည်ပတ်ဖို့ ကြိုးစားနေပေမယ့် စစ်ကောင်စီထိန်းချုပ် မှုအောက်မှာ ရှိနေသေးတဲ့ မြို့တွေမှာတော့ စီးပွါးရေး အပြင် သွားလာရေးတွေကိုပါ အစစအရာရာ ကန့်သတ်ခံနေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ရခိုင်ဒေသက မြို့နယ် ၁၄ မြို့နယ်အတွင်းမှာတော့ ရခိုင်ပြည်ရဲ့ အဓိစီးပွါးရေးလုပ် ငန်း တွေဖြစ်ကြတဲ့ စိုက်ပျိုးရေး၊မွေးမြူရေး တွေအပြင် ဒေသအတွင်းက ရေထွက်ပစ္စည်းတွေကိုပါ ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ဖို့အတွက် အာရက္ခပြည်သူ့အစိုးရ နဲ့ တူတူ ရခိုင်ပြည်သူတွေဟာ ရုန်းကန်လှုပ်ရှားလျှက်ရှိနေကြတယ်လို့ အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြောက်ဦးမြို့ခံတစ်ဦးကပြောပါတယ်။
“ဒီဖက်က မြို့တွေမှာကတော့ ပြန်လည်တည်ဆောက်ရေးတွေ လုပ်ငန်းတွေ နဲ့အတူ စီးပွါးရေးလုပ်ငန်း ကုန်းချောကုန်ကြမ်းထုတ်လုပ်ရေး လုပ်ငန်း တွေကို စပြီးတော့လုပ်နေကြပြီပေါ့။အခုကတော့ ထွက်လာတဲ့ဟာတွေကို ဒေသမှာ ဖြန့်ဖြူးရောင်းချနိုင်လောက်ပဲ ရှိသေးတာပေါ့ စေ◌ျးကွက်တစ်ခုရှိလာရင်တော့ အဆင်ပြေလာမယ် ပြီးတော့ တချို့ ကုန်ပစ္စည်းတွေအတွက် နည်းပညာတွေ ပေးဖို့လိုအပ်တာတွေလည်းရှိတယ်”လို့ သူကပြောပါတယ်။
ဒါပေမယ့် အာရက္ခတပ်တော်ထိန်းချုပ်နေရာမှာ စီးပွါးရေး လုပ်ငန်းတွေကို နလန်ထူရပ်တည်နိုင်ဖို့ အတွက်ကြိုးစားနေပေမယ့် စစ်ကောင်စီ ထိန်ချုပ်မှု အောက်မှာရှိနေတဲ့ စစ်တွေ၊ကျောက်ဖြူ နဲ့ မာန်အောင်မြို့နယ်တွေမှာတော့ စစ်ကောင်စီက သွားလာခွင့် တွေအပါအဝင်ကုန်စည်သယ်ယူခွင့်တွေကိုပါ အစစအရာရာ ပိတ်ပင်ထားဆဲဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ကျောက်ဖြူဒေသခံ တစ်ဦးက ပြောပါတယ်။
“စီးပွါးရေးလုပ်ခွင့်မပြောနဲ့ ကျနော်တို့ အုန်းတောဘက်အခြမ်းကပြည်သူတွေဆိုရင် ရခိုင်တိုက်ပွဲစချိန်ကတည်းကပင် စားဝတ်နေရေးအတွက် ရေလုပ်ငန်းတောင် လုပ်ခွင့်မပေးနာပြီးတော့ မြို့ထဲကို ကျန်းမာရေးကိစ္စ နဲ့တောင်ဝင်ခွင့်မရတာ ၁ နှစ် ကျော်နေပြီ ။ မငတ်ရုံ အနေအထားနဲ့ပဲနေရတယ် သူတို့က အေအေကို စစ်ရှုံးလာလေလေ သူတို့ထိန်းချုပ်မှုအောက်က မြို့က ဒေသခံတွေကို ပိုပြီးကန့်သတ်တာတွေ လုပ်လာလေလေ လုပ်လာတယ်”လို့သူကပြောပါတယ်။
အဲဒီလိုပဲ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ ရှိနေဆဲ ဖြစ်တဲ့ စစ်တွေ နဲ့ မာန်အောင်မြို့တွေမှာလည်း ပြည်သူတွေကိုဆက်လက်ကန့်သတ်နေဆဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။