CNA ၊ လင်းလင်း။
စစ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို အာရက္ခတပ်တော်က လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ခံခဲ့ရပြီးနောက် စစ်ကောင်စီက ပြီးခဲ့တဲ့ ညပိုင်းမှာ ပေါက်တော နဲ့ စစ်တွေမြို့က လူနေရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အာရက္ခတပ်တော် ဟာ ပြီးခဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ စစ်တွေ မြို့မှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ ဖြစ်တဲ့ စစ်တွေ ဒကစဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်စခန်း ၄ နေရာကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်တွေ ဟာ ည ၉ နာရီဝန်းကျင်းလောက်မှာ စစ်တွေ နဲ့ ပေါက်တောမြို့က လူနေရပ်ကွက်တွေကို လေကြောင်းနေတဆင့် ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် စစ်တွေမြို့နယ်အတွင်းက အမြင့်ကျွန်း အပါအဝင် နေရာတော်တော်များများ နဲ့ ပေါက်တောမြို့နယ်အတွင်းက သဲခုံကျေးရွာ နေရာတော်တော်များများကို ဗုံးသီးကျရောက်ပေါက်ကွဲခဲ့တာတွေ ရှိခဲ့ရတယ်လို့ စစ်တွေမြို့အတွင်းမှာ ရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ကျနော်တို့ အခုစုံစမ်းသိရသလောက်ကတော့ စစ်တွေ မြို့ထဲက အမြင့်ကျွန်း အပါအဝင် နေရာတော်တော်များများကို ဗုံးသီးတွေ ကျရောက်ပေါက်ကွဲတာ ရှိခဲ့တယ်။နောက်ပြီးတော့ ပေါက်တောမှာလည်း သဲခုံကျေးရွာကို ဗုံးသီးတွေ ကျရောက်ပေါက်ကွဲတာရှိခဲ့တယ်လို့ သိရတယ်။စစ်တွေမှာတော့ အမြင့်ကျွန်း မှာတော့ နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ သိရတယ် ဒါပေမယ့် အသေးစိတ်ကိုတော့ သေချာ မသိရသေး။အခု မနက် ထိတော့ ပစ်ခတ်သံတွေတော့ ငြိမ်နေတယ်”လို့သူကပြောပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုအခြေအနေ နဲ့ပတ်သက်ပြီးတော့ အပျက်စီး နဲ့ ပြည်သူထိခိုက်မှု ရှိ/မရှိကို အသေးစိတ်ကို သိရှိနိုင်ဖို့အတွင် CNA က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်က မြို့နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ပြီးနောက်မှာ စစ်ရေးကို နိုင်ငံရေးနည်းလမ်း နဲ့ ဖြေရှင်းကြဖို့အတွက် စစ်ကောင်စီကို ဖိတ်ခေါ်ခဲ့ပေမယ် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဖို့အတွက် စစ်ကောင်စီက တစ်စုံတရာ လုပ်ဆောင်လာခဲ့တာ မရှိတဲ့နောက်မှာ အပြီးသတ် သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ မာန်အောင်၊စစ်တွေ နဲ့ကျောက်ဖြူမြို့တွေထဲက စစ်တွေမြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက် ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်တွေဟာ စစ်တွေ နဲ့ ပေါက်တော က အရပ်သားနေထိုင်ရာနေရာတွေကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာ၊လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ အပြင် စစ်တွေ မြို့တွင်းမှာ လုံးခြုံရေးတင်းကြပ်တာ ရေတပ်အင်အားဖြည့်တင်းတာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ နောက်ထက် စစ်တွေ ဒေသခံ တစ်ဦးက ပြောပါတယ်။
“စစ်တွေမြို့တွင်းအခြေအနေက ငြိမ်လားဆိုရင်လည်း ငြိမ်တဲ့ အထဲမှာမပါဘူး ဆူနေလားဆိုရင်လည်း ဆူတဲ့ အထဲမှာမရှိဘူး ဒါပေမယ့် လက်နက်ကြီးပစ်ခတ်သံတွေ၊လေယာဉ်ပျံသံတွေ စစ်ကားတွေ အဆက်မပြတ်ကင်းလှည့်တာတွေတော့ ရှိတယ်။ကြားရသလောက်တော့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း ခဏခဏတိုက်ခိုက်ခံရတာရှိတယ်လို့တော့ ကြားနေရတယ်။မနေ့ညကလည်း လေယာဉ် နဲ့ ဗုံးကြဲလို့ ပေါက်ကွဲသံတွေ ကြားရတယ် ဘယ်နေရာတွေမှာ ဘယ်လို ဖြစ်တယ်ဆိုတာတော့ တိတိကျကျမသိဘူး အခုက လူတွေကလည်း အပြင်သိပ်မထွက်ကြဘူး၊ထွက်ဖို့ကလည်း လုံခြုံရေးက တင်းကြပ်တာတွေ ရှိနေတယ်”လို့သူကဆိုပါတယ်။
အဲဒီလို စစ်ကောင်စီတပ်တွေဟာ သူတို့နေထိုင်ရာ တပ်ရင်းတွေ အတွင်းက လက်နက်ကြီးတွေ နဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ကြောင့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း စစ်တွေမြို့အတွင်းက မင်းလှကျေးရွာကလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ် ၇ ဆောင်ထက်မနည်း မီးလောင်ပျက်စီးတာလည်း ရှိခဲ့ရပါတယ်။