တရုတ်အစိုးရရဲ့စီစဉ်ချက်အရ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆဲ နိုင်ဖို့အတွက် စစ်ကောင်စီ နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်တို့ဟာ နှစ်ဖက်ဆွေးနွေးညှိနှိုင်ချက်တွေ အဆင်မပြေတာကြောင့် ၂ရက်တာ ဆွေးနွေးပြီးနောက်မှာ ဆွေးနွေးပွဲကို ရပ်ဆိုင်းခဲ့ရတယ်လို့ PSLF/ TNLA ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
အဲဒီဆွေးနွေးပွဲကို တရုတ်အစိုးရ ရဲ့ စီစဉ်ချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကတည်းကပင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာရှိတဲ့ ဟိုင်ဂင်ဟော်တယ်မှာ နှစ်ဖက် အပြန်အလှန်ဆွေးနွေးတာတွေကို လုပ်ဆောင်ခဲ့တာတွေ ရှိပြီး ဆွေးနွေးညှိနှိုင်း ဖို့ ခက်ခဲတာကြောင့် အဲဒီဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ရပ်ဆိုင်းခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီဆွေးနွေးပွဲကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ကဦးဆောင်တက်ရောက်ကာ ဆွေးနွေးခဲ့သလို စစ်ကောင်စီဘက်ကလည်း ကစထ(၁) မှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင် တဲ့ ကိုယ်စလှယ် အဖွဲ့တွေက တက်ရောက်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA က ပစ်ခတ်တိုက်ခိုက်မှုများရပ်တန့်နိုင်ဖို့ အတွက်အချက် ၃ ချက်ကို တင်ပြဆွေးနွေးတာတွေကို လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီလို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ကဆွေးနွေးခဲ့တဲ့ အချက် ၃ ချက်ကတော့ ” နှစ်ဖက်တပ် ရောက်ရှိနေတဲ့ နေရာမှာ ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်၊ နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာ၊ လေယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက်တာ စတဲ့စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့် ဖို့ နဲ့ နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူတွေ စားဝတ်နေရေး နဲ့ ဆေးဝါးတွေ သယ်ဆောင်နိုင်ဖို့အတွက် ဖြတ်သန်းသွားလာခွင့်ပြုဖို့ “ အတွက်ကို တင်ပြတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် တင်ပြဆွေးနွေးတောင်းဆိုမှုတွေကို ဆွေးနွေးညှိနှိုင်းဖို့ ခက်ခဲတာကြောင့် ဆွေးနွေးပွဲကို ရပ်ဆိုင်းခဲ့ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီလိုနှစ်ဖက်ဆွေးနွေးမှု ခက်ခဲတဲ့ အခြေအနေတွေကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား ဆွေးနွေးပြင်ဆင်မှုတွေ ပြုလုပ်ပြီးပါက နောက်ထပ်တစ်ကြိမ်ပြန်လည်တွေ့ဆုံနိုင်ဖို့အတွက် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးပြီး တွေ့ဆုံမှုကို အဆုံးသတ်ခဲ့တယ်လို့လည်းဆိုထားပါတယ်။