Home နိုင်ငံရေး စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ခြွင်းချက်မရှိ ငြင်းပယ်ဖို့ အဖွဲ့အစည်း ၁၀၀ ကျော်တောင်းဆို

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ခြွင်းချက်မရှိ ငြင်းပယ်ဖို့ အဖွဲ့အစည်း ၁၀၀ ကျော်တောင်းဆို

60
0
ပုံဟောင်း

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အစီအစဉ်မှန်သမျှကို ခြွင်းချက်မရှိငြင်းပယ်ပြီး အဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ်တွေကနေ အရပ်သားတွေကို တားဆီးကာကွယ်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ(UNHCR)ကို မြန်မာဒေသတွင်းနဲ့ နိုင်ငံတကာအရပ်ဘက်လူထုအဖွဲ့အစည်း ၁၂၁ဖွဲ့က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီဟာ ဥပဒေအကြောင်းခံ တရားမရှိတဲ့အပြင် မြန်မာနိုင်ငံရဲ့ နယ်မြေတွေကိုလည်း ထိရောက်တဲ့ ထိန်းချုပ်မှုတွေမရှိဘဲ ယခုနှစ် သို့မဟုတ် နောက်နှစ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီ အတုအယောင်ရွေးကောက်ပွဲဟာ ဖက်ဒရယ်ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေရဲ့ဆန္ဒကို ဆိတ်သုဉ်းသွားစေဖို့၊ အာဏာရယူဖို့နဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာ ရှင် စနစ်ဆိုးကို နောက်ထပ်တစ်ကြိမ် တရားဝင်မှုပြုဖို့၊ ပုံမှန်အခြေအနေပြန်ရောက်တဲ့ ပုံစံအဖြစ် သွတ်သွင်းဖို့ ရည်ရွယ်ထားတဲ့ စစ်ကောင်စီရဲ့ ကျရှုံးနေသော အာဏာသိမ်းရေးကြိုးပမ်းမှု ထွက်ပေါက်ဗျူဟာသာ ဖြစ်တယ်လို့လည်း အဖွဲ့အစည်း ၁၂၁ဖွဲ့က အသိပေးထားပါတယ်။

စစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ အတုအယောင် သန်းခေါင်စာရင်းကောက်ယူခဲ့ပြီး၊ သန်းခေါင်စာရင်းကောက်ယူရာမှာလည်း ပြည်သူတွေပါဝင်စေဖို့ လက်နက်ကိုင်တွေကို အသုံးပြုပြီး ခြိမ်းခြောက်တာ‌တွေပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် အဲ့ဒီအဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ်တွေမှာ အရပ်သားပြည်သူတွေကို အတင်းပါဝင်လာစေဖို့စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေနဲ့ အတင်းအဓမ္မ နည်းလမ်း အသုံးပြုမှုတွေကို တားဆီးကာကွယ်ဖို့ UNHRC အနေနဲ့ အလေးထားလုပ်ဆောင်ရမယ်လို့လည်း အသိပေးထားပါတယ်။

လက်ရှိမှာဆိုရင် မြန်မာပြည်သူတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council – NUCC)နဲ့တိုင်းရင်းသားကောင်စီတွေ အပါအဝင် ဖက်ဒရယ်ယူနစ်တွေက တစ်ဆင့် ဒေသခံအုပ်ချုပ်ရေး အစိုးရတွေ
တည်ထောင်တာ၊ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု၊ ဂျန်ဒါတန်းတူညီမျှမှုနဲ့ လူနည်းစုအခွင့်အရေး ဆိုင်ရာမူဝါဒတွေ ရေးဆွဲတာ၊ ပညာရေး၊ ကျန်းမာရေး အပါအဝင် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေ ပံ့ပိုးပေးခြင်းအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီကို အောက်ခြေကနေ အထက်ကို ဦးတည်တည်ဆောက်နေတယ်လို့ ထုတ်ပြန်ချက်မှာ‌ ဖော်ပြထားပါတယ်။

မြန်မာဒေသတွင်းနဲ့ နိုင်ငံတကာအရပ်ဘက်လူထုအဖွဲ့အစည်း ၁၂၁ဖွဲ့အနေနဲ့လည်း NUGကို မြန်မာနိုင်ငံရဲ့ တရားဝင်ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုပြီး ၎င်းရဲ့ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ် ပြုဖို့နဲ့ ထောက်ခံပံ့ပိုးပေးဖို့လည်း UNHCRကို တိုက်တွန်းထားပါသေးတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပြစ်ဒဏ်ပေး အရေးယူခံရခြင်းကနေ ကင်းလွတ်နေပြီး အရပ်သားတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေတိုးမြှင့်ဆောင်ရွက်နေတာကြောင့် UNHRC အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချခွင့် ပိတ်ပင်ခြင်း၊ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ပြီး မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်ပေးဖို့လည်း အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here