CNA၊မြတ်သူ။
စစ်တွေမြို့တွင်းမှာ ရှိနေတဲ့ မွတ်ဆလင်(ရိုဟင်ဂျာ)တချို့ဟာ မိမိဆန္ဒသဘောအရ စစ်ကောင်စီဘက်ကနေ စစ်မှု ထမ်းဖို့အတွက် ဝင်ရောက်နေတာတွေ ရှိနေတယ်လို့ စစ်တွေမြို့ ဒေသခံ တွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်တွေမြို့ကို ခုခံကာကွယ်ဖို့အတွက် ALP တပ်တွေ နဲ့ ပူးပေါင်းကာ စစ်သင် တန်းပေးတာတွေကို ဆက်တိုက်လုပ်ဆောင်နေတာတွေ ရှိနေပြီး အဲဒီအထဲမှာ မွတ်လဆင် (ရိုဟင်ဂျာ) အများစုကို စစ်သင်တန်းပေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒီသင်တန်းပေးနေတဲ့ အထဲမှာ ပါဝင်နေတဲ့ မွတ်ဆလင်(ရိုဟင်ဂျာ)တွေဟာ စစ်ကောင်စီက အတင်းဖိအား ပေးခေါ်ယူတာမဟုတ်ပဲ သူတို့ သဘောဆန္ဒအရ ဝင်ရောက်ပြီးတော့ စစ်သင်တန်းသွားရောက်တက်တာ တွေက များနေတယ်လို့ စစ်တွေမြို့ခံတစ်ဦးကပြောပါတယ်။
“ကျနော်တို့ စောင့်ကြည့်ရသလောက်က ၈၅ ရာခိုင်နူန်းလောက်ကသူတို့ စိတ်ဆန္ဒအရဝင်ကြတာ နောက် ၁၀ ရာခိုင်နူန်းကတော့ ဟိုဟို ဒီဒီမသိပဲဝင်ကြတာ နောက် ၂ ရာခိုင်နူန်းလောက်က စစ်ကောင်စီ မက်လုံးပေးတာကို မက်လို့ဝင်ကြတာ ။အတင်ဝင်ခိုင်တာဆိုလို့ ၃ ရာခိုင်နူန်းလောက်မှာပဲ ရှိတယ်လို့”သူကပြောပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကိုပြဌာန်းပြီးနောက်ပိုင်းမှာ ရခိုင်ဒေသခံတွေ နဲ့ မွတ်ဆလင်(ရိုဟင်ဂျာ)တွေကို စစ်မှုထမ်းဖို့အတွက် အတင်းဖိအားပေး ဖမ်းဆီးကာ စစ်သင်တန်းပေးတာတွေကို လုပ်ဆောင်ခဲ့ တာရှိခဲ့ပေမယ့် ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ မွတ်ဆလင်တွေဟာ စစ်ကောင်စီက အတင်းဖိ အားပေးခေါ်ယူစရာမလိုတော့ပဲ အာရက္ခတပ်တော် စစ်ကောင်စီ နဲ့ အတူ ပူးပေါင်းတိုက် ခိုက်မယ် ဆိုတဲ့ စိတ်နဲ့ ဝင်ရောက်မှုများလာတာကို တွေ့နေရတာ ဖြစ်တယ်လို့ သူက ဆက် လက်ပြောဆိုပါတယ်။
အဲဒီလို စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်(ရိုဟင်ဂျာ)တွေကို စစ်ကောင်စီတပ်တွေဟာ ကာကင်းစခန်းတွေမှာ ပို့ဆောင်ကာအာရက္ခတပ်တော် အေအေ ရဲတိုက်ခိုက်မှုတွေကို ခုခံကာကွယ်တာတွေ လုပ်ဆောင်တာ တွေလည်း မြင်တွေ့နေရတယ်လို့ စစ်ရေး အခြေအနေကို စောင့်ကြည့်လေ့လာနေသူ တစ်ဦးက ပြောပါတယ်။
“ကျနော်လေ့လာစောင့်ကြည့်သလောက်ကတော့ လက်ရှိ စစ်ကောင်စီက သင်တန်းပေးထားတဲ့မွတ်ဆလင်(ရိုဟင်ဂျာ)တပ်သား ၂၀၀၀ ဝန်းကျင်လောက်တော့ ရှိမယ်လို့ခန်းမှန်းတယ်။သူတို့တွေကို အများဆုံးက ပါဒလိတ် ရှေ့တန်းစခန်းတို့လို နေရာတွေမှာ သုံးတာတွေကိုတွေ့နေရတယ်”လို့ သူကပြောပါတယ်။
တဖက်မှာလည်း စစ်တွေမှာရှိနေတဲ့ မွတ်ဆလင်(ရိုဟင်ဂျာ)တွေဟာ အခုလို မိမိ သဘောဆန္ဒအရ စစ်ကောင်စီ တပ်တွေဆီမှာ စစ်မှုထမ်းဝင်ရောက်နေတဲ့ အပေါ်မှာ စိုးရိမ်မှုတွေ ရှိနေရတယ်လို့ စစ်တွေ မြို့ခံတွေက ဆိုကြပါတယ်။
ဒီအခြေအနေ နဲ့ ပတ်သက်ပြီး စစ်တွေမြို့ဒေသခံ တစ်ဦးပြောတာက ” အခုက စစ်တွေမြို့မှာက ရခိုင်ထက် မွတ်ဆလင်(ရိုဟင်ဂျာ)တွေက ပိုများနေတယ်။ပြီးတော့ စစ်တွေမှာကလည်း စစ်ကောင်စီက စစ်ရေး အတွက် အကြီးအကျယ်ပြင်ဆင်ထားတယ်။စစ်တွေက တိုက်ပွဲ ဖြစ်လာပြီဟေ့ဆိုရင် စစ်ကောင်စီ ဖက်က လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်အလုပ်မှာ သေချာတယ်။ဒါပေမယ့် ကျနော်တို့ လက်ရှိ မွတ်ဆလင်တွေ စစ်ကောင်စီ နဲ့ ပူးပေါင်းလာတာတွေကို မြင်တွေ့ရတော့ မြို့တွင်းမှာရှိနေတဲ့ ပြည်သူတွေကို စစ်ကောင်စီ နဲ့ ပေါင်းပြီးတော့ မွတ်ဆလင်တွေက ကျနော်တို့ကို ပြသနာရှာလာ မှာကို စိုးရိမ်တယ် သူတို့လက်ထဲမှာက စစ်ကောင်စီက ပေးထားတဲ့ လက်နက် တွေကလည်း ရှိနေတော့ ပိုစိုးရိမ်နေရတယ်”လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် နှစ်ကုန်ပိုင်းက ရခိုင်မြောက်ပိုင်း ဘူးသီးတောင် မောင်တော မြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား တိုက်ပွဲတွေ အတွင်း မွတ်ဆလင်(ရိုဟင်ဂျာ)တချို့ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး AAထိုးစစ်ကို ခုခံတိုက်ခိုက်ခဲ့ကြတယ်လို့ AAဘက်က ထုတ်ပြန်ထား တာတွေ လည်းရှိပါတယ်။




