
တရုတ်အစိုးရ ရဲ့ ကြားဝင်စေ့စပ်မှု နဲ့ စစ်ကောင်စီ နဲ့ TNLA တို့ဟာ တရုတ်နိုင်ငံမှာ ကူးမင်းမြို့မှာ အပစ်ရပ်ဖို့တွေဆုံဆွေးနွေးခဲ့တာတွေ ရှိခဲ့ပြီး အဲဒီဆွေးနွေးပွဲ မစတင်ချိန်ကတည်းကပင် စစ်ကောင်စီက TNLA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား (၇) ဦးသေဆုံးခဲ့ရပြီး (၁၅) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ရပါတယ်။
စစ်ကောင်စီ နဲ့ TNLA တို့ဟာ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်ပေးမှုတွေကြောင့် တရုတ်နိုင်ငံ ကူးမင်မြို့ မှာ ဖေဖော်ဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ တွေ့ဆုံဆွေးနွေးတာကိုလုပ်ဆောင်ခဲ့တာပါ။
အဲဒီဆွေးနွေးပွဲမှာ TNLA က နှစ်ဖက်တပ်တွေ ရောက်ရှိသည့်နေရာမှာ ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲဖို့၊နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းဗုံးကြဲတာ အပြင် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ဖို့ နဲ့ နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသတွေက ဒေသခံပြည်သူတွေ ရဲ့ စားဝတ်နေရေး နဲ့ ဆေးဝါးတွေကိုသယ်ဆောင်ဖို့ အတွက် ဖြတ်သန်းသွားလာခွင့် ပြုဖို့ကို တင်ပြဆွေးနွေးခဲ့ပေမယ့် စစ်ကောင်စီက လိုက်လျှော့ပေးခြင်းမရှိတာကြောင့် ဆွေးနွေးပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။
အဲဒီဆွေးနွေးပွဲ မစတင်ခင် ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာဘဲ စစ်ကောင်စီဟာ TNLA ရဲ့ ထိန်းချုပ်ဒေသဖြစ်တဲ့ တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြိုနယ်အတွင်း ကို တိုက်ပွဲတစုံတရာဖြစ်တာမရှိပဲ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာ Y-12 လေယာဉ်အသုံးပြုပြီးတော့ ဗုံးအလုံးရေ (၁၇၅)လုံး ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။



ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မှာလည်းစစ်ကောင်စီဟာ နောင်ချိုမြို့အတွင်းက ဘူတာရပ်ကွက် နဲ့ ပြည်သူ့ဆေးရုံပေါ်ကို လေကြောင်းကနေတဆင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၃ ဦး သေဆုံးခဲ့ရပြီး ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ရပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တစ်ရက်တည်းမှာပဲ တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ ၊နောင်ချိုမြို့နယ်၊လောက်ဖန်းကျေးရွာ နဲ့ တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အတွက် ဒေသခံ (၄)ဦးသေဆုံးခဲ့ရပြီး (၁၁) ဦးဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပါတယ်။
ဆွေးနွေးပွဲ မစတင်ခင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကပင် ဆွေးနွေးပွဲအပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေံအထိ TNLA ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် အရပ်သား ၇ ဦးသေဆုံးခဲ့ရပြီး ၁၅ ဦးဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် တစ်ဖက်မှာလည်း ဒီပစ်ခတ်မှုတွေကြောင့် ရုံးတွေ ၊လူနေအိမ်တွေ ၊ဆေးရုံဆေးခန်းတွေလည်း များစွားပျက်စီးတာတွေလည်း ရှိခဲ့ရတာပါ။

မြန်မာတစ်နိုင်ငံလုံးမှာ စစ်ရေး အရှုံး နဲ့ ရင်ဆိုင်နေရတဲ့စစ်ကောင်စီဟာ တပ်ရင်းသားလက်နက်ကိုင်တွေကို လက်နက်စွန့်ကြဖို့ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုတဲ့ စကားတွေပြောဆိုကာ ဖိတ်ခေါ်နေပေမယ့် စစ်ကောင်စီ ကိုယ်တိုင်ကပင် ငြိမ်းချမ်းရေးဆွေးနွေးတာ နဲ့ လက်နက်စွန့်တာတွေကိုမလုပ်ဆောင်နိုင်သေးတဲ့ အပြင် တပ်ရင်းသားလက်နက်ကိုင်တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တွေကို ဆက်တိုက်လုပ်ဆောင်ကာ အရပ်သားပြည်သူတွေကို နေ့စဉ်ရက်ဆက် သတ်ဖြတ်နေတာကိုလည်း မြင်တွေ့နေရတာလည်း ဖြစ်ပါတယ်။