ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လူဦးရေ ၁၅သန်းလောက်ဟာ အကျပ်အတည်းမျိုးစုံကို တပြိုင်နက်တည်း ရင်ဆိုင်နေကြရတယ်လို့ UN OCHAကထုတ်ပြန်လာပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာ စစ်ကောင်စီနဲ့ လက်နက်ကိုင် အင်အားစုတွေအကြားဖြစ်ပွားနေတဲ့ တိုက်ပွဲပဋိပက္ခတွေအပြင် အကျပ်အတည်းမျိုးစုံကို တပြိုင်နက်တည်းရင်ဆိုင်နေကြရတာလို့ ဆိုပါတယ်။
အရပ်သားတွေဟာ ကျယ်ပြန့်တဲ့ ပဋိပက္ခတွေနဲ့အတူ ဘေးအန္တရာယ်တွေ၊ ရောဂါတွေ၊ စားနပ်ရိက္ခာမလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းတွေ ပျက်စီးဆုံးရှုံးခြင်းနဲ့ အရေးကြီးတဲ့ ပြည်သူ့ဝန် ဆောင်မှုတွေ ပုံမှန်မရရှိခြင်းတွေကို ရင်ဆိုင်နေရတယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေပုံမှန်မရချိန်မှာ လူဦးရေ ၁၅ သန်းကျော်လောက်ဟာ စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရပြီး၊ သန်းပေါင်းများစွာသောပြည်သူတွေဟာလည်း ဘေးကင်းလုံခြုံတဲ့ မှီခိုရာနေရာ သို့မဟုတ် သောက်သုံးရေ မရရှိဘဲ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း စစ်အရှိန်မြင့်လာတဲ့ ပဋိပက္ခရဲ့ ရလာဒ်အဖြစ် မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်တွေကြောင့် သေဆုံးသူ ဦးရေမှာ ထိခိုက်မှုပြင်းထန်တဲ့ အခြားနိုင်ငံ တွေထက် ကျော်လွန်ပြီး ကမ္ဘာ့အများဆုံး ဖြစ်ခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။
UN OCHA အနေနဲ့လည်း ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်အတွင်းမှာ ရန်ပုံငွေ မလုံလောက်မှုနဲ့ အခက်အခဲတွေကြားကဘဲ လူဦးရေ ၄ ဒသမ ၂ သန်းကို အကူအညီပေးနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒီ ၂၀၂၅ခုနှစ်အတွင်းမှာလည်း လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေးအစီအစဉ်အရ လူဦးရေ ၅ဒသမ ၅သန်းကို လူမှုဘ၀ကယ်ဆယ်ရေး အကူအညီပေးနိုင်ဖို့ ရည်မှန်းထားပြီး အဲ့အတွက် ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ လိုအပ်မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းပြီး လေးနှစ်အကြာမှာ ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ခန့်မှန်းခြေဟာ ၃ ဒသမ ၅ သန်းကျော် စံချိန်တင်ခဲ့ပြီး အရပ်သား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်ဖွယ်မြင့်တက်လာတာ၊ ပဋိပက္ခတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ဆက်လက်ရုန်းကန်နေရဆဲဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပုံ – UN OCHA