ဂွမြို့နယ်တစ်ခုတည်းမှာ အရေပြားရောဂါဝေဒနာကို ခံစားနေရတဲ့ စစ်ဘေးရှောင်ဦးရေဟာ ၃၀၀၀ ကျော်အထိရှိနေတယ်လို့ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီလို အရေးပြားရောဂါ ဖြစ်ပွါးနေတဲ့ သူတွေထဲမှာ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ရဲ့ ကောက်ယူထားတဲ့ (၁၀)နှစ်အောက်စာရင်းတွေအရအသက် ကလေးငယ်(၆၀၀)ဦး၊အသက်၁၀နှစ် မှ ၁၈နှစ်ထိ(၆၀၁)ဦး နဲ့အ သက် ၁၈နှစ် အထက်(၂၅၉၆)ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒီအရေပြားရောဂါဖြစ်ပွားနေတဲ့ သူတွေကို ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ဆေးဝါးတွေ အတတ်နိုင်ဆုံးကူညီ ထောက်ပံ့တာတွေ ရှိနေသလို တခြားအဖွဲ့အစည်းတွေကလည်း ထောက်ပံ့မှုတွေ ပေးနေပေမယ့် ဆေးဝါးဝယ်ယူရေးအပိုင်းမှာ ခက်ခဲမှုတွေကြောင့် မြေပြင်မှာ ဆေးဝါးလုံးလောက်မှု မရှိဖြစ်နေတယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် လက်ရှိ လူနာတစ်ယောက်အတွက် ၅ ရက်စာ ဆေးဝါးကုန်ကျစရိတ်ဟာ ၂၀၀၀၀ ကျပ်ဝန်းကျင်မှာရှိပြီး ဒီအရေပြားရောဂါ ခံစားနေရတဲ့ လူနာတွေ အနာသက်သာပျောက်ကင်းနိုင်ဖို့အတွက် နောက်ထပ်ဆေးဝါးတွေ ထော က်ပံ့နိုင်ဖို့အတွက် အလှူရှင်တွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ထပ်ဂွမြို့နယ်အတွင်းက စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦး ပြောဆိုတာက “ကျနော့်အမြင်ကတော့ ဒီကိစ္စကလက်ကမ်းဆေးလောက်နဲ့ အဆင်မပြေတော့ဘူးလို့မြင်မိတယ်။လူမှုကူညီရေး အဖွဲ့က ထောက်ပံ့တဲ့ဆေးဆိုတာက ယားနာဆိုရင် တမာလို့ ပြောလိုက်ရင် တမာဆေးတစ်မျိုးပဲလာတယ်။အဲဒီတမာ နဲ့ တည့်တာက လူနာ ၁၀ ဦးမှာ ၅ ဦးသာပါတယ်။နောက် ၅ ဦးကမသက်သာဘူးဖြစ်တယ်။လူမှုကူညီရေးအဖွဲ့ဆိုတာက ဆရာဝန်တွေ မဟုတ်တော့ နောက်ဘာဆေးကို ပြောင်းရမယ်ဆိုတာကို မသိဘူး။အဲဒါကြောင့် ဒီကိစ္စက ကွင်းဆင်းပြီးတော့ စစ်ဆေးကုသခြင်းက ပိုထိရောက်မယ်ထင်တယ် “လို့ သူက သူ့အမြင်ကိုဆိုပါတယ်။
အဲဒီလို ကျန်းမာရေးဌာန နဲ့ လူမှုအဖွဲ့အစည်း ပူးပေါင်းကုသမှသာ လက်ရှိဖြစ်ပွါးနေတဲ့ အရေပြားရောဂါကူးစက်မှုမရှိအောင်အတွက် ထိရောက်စွာ ကာကွယ်နိုင်မှာ ဖြစ်တယ်လို့လည်း သူက အကြံပြုပြောဆိုပါတယ်။