စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)နဲ့ အမှတ် ၅၀၈ အမြောက်တပ်ရင်း (အမတ ၅၀၈)တို့ကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF)က ဖေဖော်ဝါရီ ၂၅ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ရက်နေ့၊ နေ့လည်ပိုင်းလောက်မှာ မုံရွာ နမခကို ရော့ကတ်အလုံး ၇၀၊ အမတ ၅၀၈အမြောက်တပ်ရင်းကို ရော့ကတ်အလုံး ၃၀တို့နဲ့ပတ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၇ဦးသေဆုံးခဲ့ပြီး ၁၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF)က ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် အမတ ၅၀၈အတွင်းက အဆောက်အဦး ၁လုံး ထိခိုက်မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ ကျောင်းသားလက်ရုံးတပ်တော် (SAF)နဲ့အတူ PACMPT၊ ယင်းမာပင်ခရိုင် အမှတ် ၃၇တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် ၉တပ်ရင်း၊ NAA DF (Khin U)၊ ဘုတလင် mobile Team၊ Budalin Guerrilla Force၊ မုံရွာမြို့နယ် ပလဖ တာဝန်ခံ (ပစ်တိုင်းထောင် အဖွဲ့ )၊ မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်း တပ်ခွဲ ၄နဲ့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တိုက်နယ် ၅) တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
ကျောင်းသားလက်ရုံးတပ်တော်(SAF)အနေနဲ့လည်း”ဖိနှိပ်ခံလူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်ဆီသို့” ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါသေးတယ်။




