CNA ၊ မြတ်သူ။
ရခိုင်မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ရဲ့ ဗဟိုအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဖွဲ့စည်းမှုပြီးစီးပြီးဖြစ်တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဗဟိုအုပ်ချုပ်ရေး အဖွဲ့ဝင်တွေ ရဲ့ ပြောဆိုချက် တွေ အရသိရပါတယ်။
အာရက္ခတပ်တော်ဟာ ရက္ခိုင်တကျော့ပြန်တိုက်ပွဲ တစ်နှစ်ကျော်ကာလအတွင်းမှာ ရခိုင်က မြို့နယ် ၁၄ ခု နဲ့ ပလက်ဝဒေသကို အပြီးသတ်သိမ်းပိုက်ပြီးတဲ့ နောက်မှာ အာရက္ခပြည်သူ့ အစိုးရတရပ်အနေ နဲ့ ရခိုင်က သူတို့ထိန်းချုပ်နယ်မြေတွေကို အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်အကောင်အထည်ဖော်လုပ်ဆောင်နိုင်ဖို့ အတွက် ဗဟိုအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို စတင်ဖွဲ့စည်းလာတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ရဲ့ ဗဟိုအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဖွဲ့စည်းမှုဟာ ပြီးစီးထားပြီးဖြစ်တဲ့ အတွက် ဆင့်ကဲ အုပ်ချုပ်ရေး စနစ်အနေ နဲ့ မြို့နယ်အဆင့် ရပ်ရွာအဆင့်တွေကို ဖွဲ့စည်းနိုင်ဖို့ အတွက် လုပ်ဆောင်နေတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ရဲ့ ဗဟိုအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက CNA ကို ပြောပါတယ်။
“လက်ရှိကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ရဲ့ ဗဟိုအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဖွဲ့စည်းမှုဟာပြီးစီးထားပြီးပါပြီ မြို့နယ်အဆင့် ၊ ရပ်ကျေးအဆင့်တွေကို ဖွဲ့စည်းနိုင်ဖို့ အတွက်လည်း လုပ်နေပါတယ်။ ဒီဗဟိုအုပ်ချုပ်ရေးအဖွဲ့ဝင်တွေထဲမှာတော့ ဘယ်သူတွေ ဘယ်သူတွေ ပါနေတယ်ဆိုတာကိုတော့ ကျနော်တို့ ပြောလို့ မရသေးဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် တစ်ဖက်မှာလည်း အာရက္ခတပ်တော်ဟာ နိုင်ငံရေးပါတီ တစ်ရပ် အနေနဲ့ ပါတီ ဖွဲ့စည်းနိုင်ဖို့ အတွက်လည်း ပါတီကေတာသင်တန်းသားတွေကို ခေါ်ယူကာ သတင်းတန်းပေးနေတာတွေ ရှိနေပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိ ရခိုင်မှာ အာရက္ခတပ်တော်ဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဆိုတဲ့ အစိုးရတရပ်ကိုဖွဲ့စည်းကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်တာ၊ယာဉ်စည်းကမ်းလမ်းစည်း၊မီးဘေးအန္တရာယ်တွေ အပြင် တခြားသော တရားဉပဒေစိုးမိုးရေး နဲ့ ဗဟိုအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ဖွဲ့စည်းကာ စတင်လုပ်ဆောင်တာတွေ ရှိလာနေပေမယ့် ဘယ်လို အုပ်ချုပ်ရေး စနစ်တွေ နဲ့ စတင် အကောင်အထည်ဖော် အုပ်ချုပ်မယ်ဆိုတဲ့ အခန်းကဏ္ဍကိုတော့ ပြည်သူတွေကို ချပြပြောဆိုတာတွေ တော မရှိသေးပါဘူး။
အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် (တပ်မှူးချုပ်) ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တော့ The Diplomat သတင်းဌာန နဲ့ အင်တာဗျူးတစ်ခုမှာ ရခိုင်ကို အစောပိုင်းမှာ Unitary State System
ဗဟိုချုပ်ကိုင်မှုနဲ့ တစ်ပြည်ထောင်အစိုးရကို ထူထောင်ကာ အုပ်ချုပ်သွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ အရည်အချင်းနဲ့ လုပ်ငန်း ဆောင်ရွက်ချက်တွေအပေါ် မူတည်ပြီး အုပ်ချုပ်ရေးအာဏာကို အစိုးရအလွှာအသီးသီးဆီ ခွဲဝေသွားဖို့ ရှိတယ်လို့ပြောဆိုထားပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော် AA အနေ နဲ့ လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သယ်ယူပို့ဆောင်ရေး နဲ့ တရားစီရင်ရေးတွေလို အရေးပါတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို ထောက်ပံ့ပေးနိုင်ဖို့ အတွက် ဆီလျော်တဲ့ အုပ်ချုပ်ရေးပုံစံတစ်ရပ်အနေ နဲ့ ထူထောင်ရတာဟာ ULA/AA အတွက် တကယ့်ကို လုပ်ရကိုင်ရကြပ်တဲ့ တာဝန်တစ်ရပ်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ရခိုင်ရဲ့ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုတော့ ရရှိလာတဲ့ အသီးအပွင့် အကျိုးကျေးဇူးတွေကို အာရက္ခပြည်သူအားလုံး ရရှိစေလိုတဲ့ အတွက် AA ရဲ့ စီးပွားရေးမူဝါဒကို ယေဘုယျ အနေ နဲ့ Welfare-oriented (အများပြည်သူဝန်ဆောင်မှုနဲ့ ပြည်သူ့အကျိုးစီးပွားကို ရှေ့ရှုသည့် စနစ်) နဲ့ သွားနိုင်ဖို့လည်း များတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် အခုလို အရေးပေါ် ကာလ နဲ့ အကြပ်အတည်းတွေ ဖြစ်နေတဲ့အချိန်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေ အိမ်နီးချင်းနိုင်ငံတွေကလည်း စေတနာအမှန် နဲ့ လူသားချင်းစာနာမှုဆိုတဲ့ အပေါ်မှာ အခြေခံပြီးတော့ ULA/AA နဲ့ အတူတူ ရပ်တည်ပေးကြမယ်ဆိုတာကို ယုံကြည်ထားသလို ULA/AA ရဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေနဲ့ လည်း အိမ်နီးချင်းနိုင်ငံတွေ နဲ့ နယ်စပ်တလျှောက်မှာလည်း ကုန်သွယ်ရေး အခွင့်အလမ်းတွေကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ အတွက် အကောင်းဆုံး ကြိုးစားသွားမယ်လို့လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားပါတယ်။