Home သတင်း ယောအမျိုးသားနိုင်ငံရေးကိုတည်ဆောက်ဖို့ အချိန်အခါကောင်းဖြစ်တဲ့အတွက် YPDFတပ်ဖွဲ့ဖျက်သိမ်း

ယောအမျိုးသားနိုင်ငံရေးကိုတည်ဆောက်ဖို့ အချိန်အခါကောင်းဖြစ်တဲ့အတွက် YPDFတပ်ဖွဲ့ဖျက်သိမ်း

59
0

CNA၊ မတ်၊ ၃။

ယောအမျိုးသားနိုင်ငံရေးကို ညီညီညာညာ စုစုစည်းစည်းနဲ့ ဆောင်ရွက်ဖို့ အချိန်အခါကောင်းဖြစ်တဲ့အတွက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)ကို ဖျက်သိမ်းလိုက်တယ်လို့ အဆိုပါတပ်ဖွဲ့က မတ်လ ၂ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

စုစည်းညီညွတ်မှုနဲ့ လက်တွေ့ကျတဲ့ စစ်ရေး၊ နိုင်ငံရေး တနည်းအားဖြင့် ယောအမျိုးသားနိုင်ငံရေးကို အကောင်အထည်ဖော်ဆောင်ရာမှာ YPDF တပ်ဖွဲ့အနေနဲ့ ဆက်လက်တည်ရှိဖို့ မလိုအပ်တော့ကြောင်း ယုံကြည်မိတယ်လို့ YPDF က ဆိုပါတယ်။

ဒါကြောင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းကျင်းပခဲ့တဲ့ တပ်ဖွဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး (၂/၂၀၂၅) ဆုံးဖြတ်ချက်အရ တပ်ဖွဲ့ကို အပြီးတိုင်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ အသိပေးထားပါတယ်။

တပ်ဖွဲ့ဖျက်သိမ်းလိုက်တယ်ဆိုပေမယ့်တပ်ဖွဲ့ဝင်အားလုံးဟာ တော်လှန်ရေး၊ ယောအမျိုးသားနိုင်ငံရေးကို စုစည်းညီညွတ်တဲ့ အခင်းအကျင်းနဲ့ ပိုမိုကောင်းမွန်တဲ့ အရွေ့ကို တက်လှမ်းဖို့ ဆက်လက်ဆောင်ရွက်နေမယ်လို့လည်း YPDFကထုတ်ပြန်ထားပါတယ်။

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကို ၂၀၂၁ ခုနှစ်၊ မတ်လမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ YPDFအနေနဲ့ စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ ယောဒေသ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး တနည်းအားဖြင့် ယောအမျိုးသားနိုင်ငံရေးကို အစဉ်တစိုက် လုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

YPDF တပ်ဖွဲ့ဟာ စတင်ဖွဲ့စည်းချိန်ကစပြီး အမျိုးသားရေးတင်မက ယောပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေး၊ ကာကွယ်ရေး၊ ရန်သူအင်အားပြုန်းတီးရေးနဲ့ ရန်သူ့လှုပ်ရှားနယ်မြေကျဉ်းမြောင်းရေး စတဲ့ကိစ္စတွေ ဆောင်ရွက်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးကာလအတွင်းမှာ YPDFတပ်ဖွဲ့ဝင် ရဲဘော် ၆ဦး အသက်ပေးလှူခဲ့ရပြီး ၃ဦး ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း များစွာရှိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here