ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံအကြားကနယ်စပ်ကုန်သွယ်ရေး”အခွန်” ကို အာရက္ခတပ်တော် က ကောက်ယူနေပြီးဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်းရေးမှူး အဖွဲ့ဝင် (အငြိမ်း စား) လက်ထရပ်ဗိုလ်ချုပ်ကြီး ဂျဟန်ဂီရ်အလာမ်ခေါဒ်ရီ (Lt Gen (retd) Jahangir Alam Chowdhury) က မနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံသတင်းဌာနတွေကို အတည်ပြု ပြောဆိုလိုက်ပါတယ်။
ဒီပြောဆိုမှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲ့ ဝန်ကြီးများတွေ့ဆုံဆွေးနွေးပွဲ ပြီးပြီးတဲ့ နောက် သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ သတင်းထောက်တွေကို သူကပြောကြားခဲ့တာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းဌာန ဖြစ်တဲ့ The Daily Star သတင်းဌာနမှာ ဖော်ပြထားတာပါ။
ဗိုလ်ချုပ်ကြီး ဂျဟန်ဂီရ်အလာမ်ခေါဒ်ရီ (Lt Gen (retd) Jahangir Alam Chowdhury) ပြောဆိုတဲ့ အထဲမှာ “ပထမဆုံးအနေနဲ့ မြန်မာအစိုးရက စစ်တွေကနေ ဝင်လာတဲ့ ကုန်ပစ္စည်းတွေအတွက် အခွန်ကောက်ခံပါ တယ်။နယ်စပ်ကလည်း အာရက္ခတပ်တော်က နယ်စပ်ကို ထိန်းချုပ်ထားတဲ့အတွက် သူတို့ကလည်း အခွန်ကောက် ခံပါတယ်။ ဒါဟာ ခက်ခဲတဲ့အခြေအနေပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ အကြီးတန်းကိုယ်စားလှယ်တစ်ဦးကို ခန့်အပ် ထားပါတယ်” လို့ သူက ပြောဆိုခဲ့တာပါ။
ဒါ့အပြင် ဒီကိစ္စတွေကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ အတွက်ကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရ အနေ နဲ့ လီလူရ်ရော်မန် (Khalilur Rahman) ကို တာဝန်ခံဆက်သွယ်သူအဖြစ်နဲ့ ခန့်အပ်တာဝန်ပေးထားပြီး စစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့ နှစ်ဖက်စလုံးကို ဆက်သွယ်ဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ သူကပြော ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အစိုးရ အကြီးအကဲ တစ်ဦး အနေနဲ့ အခုလို မီဒီယာတွေ ရှေ့မှာ အာရက္ခတပ်တော် နဲ့ အခွန်ရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးဆောင်ရွက်မှုတွေ လုပ်ဆောင်နေပြီးဖြစ်တယ်ဆိုတဲ့ အကြောင်းကို ပြောဆိုမှု ရှိလာတာဟာ ဒါပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အာရက္ခတပ်တော် အေအေ ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှာ မောင်တောမြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရရှိနိုင်ခဲ့ပြီး ဖြစ်သလို ၂၇၁ ကီလိုမီတာရှည်လျားတဲ့ ရခိုင် နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်လျှောက်လုံးကိုလည်း အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးဖြစ်ပါတယ်။
အဲဒီနောက်မှာ အာရက္ခတပ်တော်ဟာ အကြမ်းဖက်လက်နက်ကိုင်တပ်တွေဖြစ်တဲ့ ARA၊ RSO၊ ARSA တွေ အပါ အဝင် စစ်ကောင်စီက စစ်သင်တန်းပေးလက်နက်တပ်ဆင်ပေးထားတဲ့ အကြမ်းဖက် အစွန်ရောက်တွေဟာ ဘင်္ဂလားဒေ့ရှ် နဲ့ အာရက္ခရေပိုင်နက် တလျှောက်မှာ စက်လှေမော်တော် ဘုတ်တွေနဲ့ ထွက်ပြေးဖို့ ကြိုးစား တာတွေရှိနေတဲ့ အတွက် နတ်မြစ်(အာရက္ခပြည်ဘက်အခြမ်း ရေပိုင်နက်) အတွင်း ရေကြောင်းခရီးသွား လာမှုတွေကို အချိန်၊ ရက် အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက် နဲ့ အတူပဲ မြန်မာ -ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဆိပ်ကမ်း ကုန်သွယ်မှုတွေဟာလည်း ရပ်ဆိုင်းသွားခဲ့ရပြီး အာရက္ခရေပိုင်နက် အတွင်းမှာ သွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကိုလည်း အာရက္ခတပ်တော်က ဖမ်းဆီးခဲ့တာတွေလည်း ရှိခဲ့ရတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း ရန်ကုန်ကနေ တက္ကနပ်ဆိပ်ကမ်းကို ကုန်လာပို့တဲ့ သင်္ဘော ၃ စင်းကို အာရက္ခတပ်တော်က အာရက္ခရေပိုင်နက် အတွင်းမှာ ဖမ်း ဆီးတာတွေရှိခဲ့ပြီးနောက် ၄ ရက်အကြာ စစ်ဆေးပြီးနောက်မှာ ကုန်တင်သင်္ဘော ၂ စင်းကို လွတ်ပေးခဲ့သလို နောက်ထပ်ကျန်နေသေးတဲ့ တစ်စင်းကိုလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြန်လွတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော် ဆီမှာ ဖမ်းဆီးခံခဲ့ရတဲ့ ကုန်တင်သင်္ဘောတွေဟာ မြန်မာအစိုးရဆီမှာ ပေးချေခဲ့ရတဲ့ အခွန်ပမာဏအတိုင်း အာရက္ခတပ်တော်ကို ပေးဆောင်ခဲ့ကြရတာတွေလည်း ရှိခဲ့တယ်လို့ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေကို မကြာခဏတင်သွင်းနေရတဲ့ တက္ကနပ်ဆိပ်ကမ်းက လုပ်ငန်းရှင်တစ်ဦးကပြောဆိုထားတဲ့ အကြောင်းကို The Daily Star သတင်းက ကိုးကားဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။
ဒီပြောဆိုမှုတွေ နဲ့ ပတ်သက်ပြီးတော့က အာရက္ခတပ်တော်ဖက်ကတော့ တစ်စုံတရာထုတ်ပြန်ပြောဆိုထား တာတွေကိုတော့ မတွေ ရသေးပါဘူး။
ဒီလို အာရက္ခတပ်တော်ကို အခွန်ငွေ ပေးချေခဲ့ရတာကို စစ်ကောင်စီက သိရှိပြီးနောက်မှာတော့ အာရက္ခတပ်တော်ကို ငွေကြေးအကျိုး အမြတ်မပေးလိုတဲ့အတွက် ကုန်သွယ်မှုလုပ်ငန်းတွေကို စစ်ကောင်စီက ရပ်ဆိုင်းထားခဲ့တာ ရှိတယ်လို့လည်းဆိုပါတယ်။အဲဒီလို ရပ်ဆိုင်းလိုက်ရတာကြောင့် ကုန်သွယ်မှုတွေဟာလည်း သိသိသာသာ ကျဆင်းမှုရှိသွားခဲ့ရတယ်လို့ တက္ကနပ်အကောက်ခွန်ရုံးက ထုတ်ပြန်ထားကြောင်းကိုလည်း သတင်းမှာ ရေးသားဖော်ပြထားပါတယ်။
မြန်မာ – ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံကနေ တက္ကနပ်ဆိပ်ကမ်း ကို ကုန်ပစ္စည်း တန်ချိန် ၁၈၈,၉၉၉ မက်ထရစ်တန်တာကာငွေ ၁,၅၄၅ ကုဋေခန့်ကို တင်သွင်းနိုင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကို တာကာငွေ ၆.၇၂ ကုဋေတန်ဖိုရှိတဲ့ တန်ချိန် ၂,၉၄၁ မက်ထရစ်တန် ကုန်ပစ္စည်းတွေကို ကုန်သွယ်ရေး အနေ နဲ့ တင်ပို့နိုင်ခဲ့ပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှု ပမာဏဟာ တန်ချိန် ၇၁,၇၄၁ မက်ထရစ်တန်ရှိ ကုန်ပစ္စည်းများ၊ တန်ဖိုး တာကာငွေ ၈၀၈ ကုဋေခန့်သာ တင်သွင်းနိုင်ခဲ့ပြီး တင်သွင်းမှုများ သိသိသာသာ ကျဆင်းသွားခဲ့ရတယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ် ခင်ဗျာ။
အဓီက တင်သွင်း တဲ့ ကုန်ပစ္စည်းတွေကတော့ ငါးခြောက်၊ လတ်ဆက်သော ငါး၊ ကွမ်းသီး၊ ကြက်သွန်နီ၊ ဂျင်း၊ အုန်းသီး၊ သစ်သားနှင့် အခြားကုန်ပစ္စည်းများ ပါဝင်သည်။ ဘင်္ဂလားဒေ့ရှ်ရဲ့ အဓိက တင်ပို့ကုန်ကတော့ ဘိလပ်မြေ နဲ့ အာလူးဖြစ်တယ်လို့ ဆိုပါတယ်။