ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့တွေ့ဆုံမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ စစ်လေယဥ်တွေ၊ ရဟတ်ယာဥ်တွေအပြင် ဒရုန်းတွေကိုပါ ထပ်ပြီးအင်အားဖြည့်နိုင်တယ်လို့ ရခိုင်လွတ်တော်ကိုယ်စားလှယ် တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ဗလာဒီမာယာ ပူတင်ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် တရားဝန်ချစ်ကြည်ရေးခရီးစဉ်အဖြစ် မနေ့ မတ်လ ၃ရက်မှာ ရုရှားကိုထွက်ခွာသွားတာလည်းဖြစ်ပါတယ်။
“စစ်လေယာဥ်တွေ၊ ရဟတ်ယာဥ်တွေကလည်း ထပ်ပြီးဝယ်ယူဖို့ရှိနေတယ်လို့ သိရတယ်။ပြီးတော့ လက်ရှိမှာလည်း ဒရုန်းတပ်ဖွဲ့အတွက် ဒရုန်း အစီးရေ ၁၀၀၀ ထိအင်အားဖြည့်မယ်ဆိုပြီး ဒရုန်းတပ်ဖွဲ့အတွက် ဗိုလ်မှူးချုပ်တစ်ယောက်တောင်ခန့်ထားပြီးပြီဆိုတော့ နည်းပညာမြင့် ဒရုန်းတွေက သေချာကိုဝယ်မှာ။လက်ရှိပြည်တွင်းစစ်ပွဲတစ်ခုလုံးမှာလည်း စစ်ကောင်စီက ရုရှားစစ်လက်နက် ၆၀ ရာခိုင်နူန်းလောက်ကို အသုံးပြုပြီးတော့ တိုက်ခိုက်နေတာ”လို့ ရခိုင်လွတ်တော်ကိုယ်စားလှယ် တစ်ဦးက CNAကိုပြောပါတယ်။
စစ်ခေါင်းဆောင်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာတို့ဟာ ဒီကနေ့ မတ်လ ၄ရက်မှာ တွေ့ဆုံကြမှာဖြစ်တယ်လို့ ရုရှားသမ္မတရုံးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီခရီးစဉ်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ထူးခြားတဲ့ ခရီးစဉ်ဖြစ်တယ်လို့လည်း ရခိုင်လွတ်တော်ကိုယ်စားလှယ်က သုံးသပ်ပြောဆိုပါတယ်။
“မင်းအောင်လှိုင် ရုရှားသွားတဲ့အတွက် ထူးခြားမှုတွေက ရှိလာမှာပေါ့။ ဉပမာပြောရရင် ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စ၊ လျှပ်စစ်ကဏ္ဍ၊ စစ်လက်နက်ကိစ္စ၊ စစ်လက်နက်ထဲမှာ ခေတ်မှီဒရုန်းတွေဝယ်ယူပြီးတော့ ထောက်ပံလေ့ကျင့်ပေးဖို့ ကိစ္စအပါအဝင်တော်တော်များများက သူ့အတွက် ထူးခြားမှုရှိလာမှာ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။
ဒီခရီးစဉ်မတိုင်ခင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ စစ်ကောင်စီနဲ့ ရုရှားတို့ဟာ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံတည်ဆောက်ရေးအပါအဝင် ရင်းနှီးမြှုပ်နှံမှုတွေအတွက် သဘောတူ လက်မှတ်ရေးထိုးတာရှိခဲ့ပြီး၊ ယခုလအတွင်းမှာတော့ စစ်ခေါင်းဆောင်ရဲ့ ရုရှားချစ်ကြည်ရေး ခရီးစဉ်ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာတွေနဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ယခု ၂၀၂၅ခုနှစ်ဟာ ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး (၇၇)နှစ် ပြည့်မြောက်တဲ့နှစ်ဖြစ်ပြီး နှစ်နိုင်ငံဆက်သွယ်ဆက်ဆံမှု၊ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေ အပြန်အလှန်လည်ပတ်မှု၊ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုတွေတိုးတက်နေတယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။
ယခုခရီးစဉ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနိုင်ငံကိုသွားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေးကြိမ်မြောက်ခရီးစဉ်လည်းဖြစ်ပါတယ်။