Home လူမှုစီးပွါးရေး ရခိုင်က တောင်သူတွေ စိုက်ပျိုးရေး လုပ်ငန်းတွေဦးမော့လာအောင် အားသွန်ခွန်စိုက် ပြန်လည် လုပ်ကိုင်ဖို့လိုအပ်လာနေ

ရခိုင်က တောင်သူတွေ စိုက်ပျိုးရေး လုပ်ငန်းတွေဦးမော့လာအောင် အားသွန်ခွန်စိုက် ပြန်လည် လုပ်ကိုင်ဖို့လိုအပ်လာနေ

57
0
ပုံစာ - ၂၀၂၅ ခုနှစ်၊ မတ် ၅ ရက်နေ့၌ မြောက်ဦးမြို့နယ်ရှိ ​ဂေါ်ဖီထုပ်စိုက်ခင်းများအား တွေ့ရစဥ် (Golden Era Media)။

CNA ၊ ဂူးဂူး။

ရခိုင်ကတောင်သူတွေ အနေ နဲ့ စားနပ်ရိက္ခာဖူလုံရေး နဲ့ ပြည်ပနိုင်ငံကိုဆန်စပါးတင်ပို့နိုင်ရေး အတွက် စွန့်ပစ်လယ်ယာမြေတွေကို အင်တိုက်အားတိုက်နဲ့ ပြန်လည်ဦးမော့လာအောင် လုပ်ကိုင်ကြဖို့ လိုအပ်တယ်လို့ ရခိုင်ပြည်အတွင်းကစိုက်ပျိုးရေးလုပ်ငန်းကို ပြန်လည် လုပ်ကိုင်လာနေကြတဲ့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ် ရခိုင်တောင်သူလယ်သမားသမဂ္ဂ ရဲ့ စာရင်းတွေ အရ ရခိုင်မှာတစ်ပြည်လုံးမှာ စပါးစိုက်ဧက ၁၂ သိန်းခွဲကျော်ရှိပြီး အဲဒီထဲက လယ်ဧက ၈ သိန်းကျော်လောက်ကိုသာ စိုက်ပျိုးမြေ အဖြစ် အသုံးပြုကာ ကျန်တဲ့ လယ်ဧက ၄ သိန်းကျော်လောက်ကိုတော့ စွန့်ပစ်ထားတဲ့ လယ်ယာမြေတွေ အဖြစ်ထားရှိထားကြရတယ်လို့ သိရပါတယ်။

လက်ရှိမှာ အဲဒီစွန့်ပစ်ထားတဲ့ မြေတွေကို ရခိုင်က တောင်သူတွေ အနေ နဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ မှာ ပြန်လည် အသုံးပြုပြီးတော့ ဒေသအတွင်းမှာ စားနပ်ရိက္ခာဖူလုံရေး နဲ့ ပြည်ပနိုင်ငံကိုဆန်စပါး နဲ့ တခြားရာသီးအလိုက်ထွက်တဲ့ သီးနှံ့တွေ တင်ပို့နိုင်တဲ့အထိရောက်ရှိလာအောင် စိုက်ပျိုးရေး လုပ်ငန်းတွေကို လုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့ မင်းပြားမြို့နယ်ဖုံသာချောင်း အနီးက ကျေးရွာတစ်ရွာဖြစ်တဲ့ ကျေးမကြီးကျေးရွာက ဒေသခံ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက ဆိုပါတယ်။

“ကျနော်တို့ ရွာတွေမှာလည်း စွန့်ပစ်စိုက်ပျိုးမြေတွေ နဲ့ ပျက်စီးသွားတဲ့ စိုက်ပျိုးမြေ ဧကတွေ တော်တော် များများရှိတယ် အဓိကတော့ တောင်သူတွေက စိုက်တိုင်းအရှုံး နဲ့ ရင်ဆိုင်လာကြရတော့ စိုက်ပျိုးရေး လုပ်ငန်ကို သိပ်စိတ်မဝင်စားကြတော့ စွန့်ပစ်ကြတယ်။အဲဒီနောက်ပိုင်းမှာ ပြည်မကလာတဲ့ ဆန်တွေကို အလွယ်တကူဝယ်စားကြတယ် ကျန်တဲ့ အလုပ်တွေကို လုပ်ကြတယ်ပေါ့။အခု ရခိုင်မှာကလည်း အခြေအနေတရပ်ပြောင်းလာပြီးဆိုတော့ ကျနော်တို့ တောင်သူတွေအတွက်လည်း တစ်ဖက်က အကျိုးအမြတ်ရလဒ်ရလာမယ်လို့ မျှော်လင့်မိတော့ စိုက်ပျိုးရေးလုပ်ငန်းကို ထွက်နူန်းကောင်းကောင်းရလာအောင် ပြန်လုပ်သင့်တယ်လို့ မြင်လာတယ်”လို့ သူကဆိုပါတယ်။

ဒီလို သီးနှံထွက်နူန်းကောင်းမှသာ ပြည်မနိုင်ငံတွေကို တင်ပို့တဲ့ နေရာမှာလည်း အဆင်ပြေမှာ ဖြစ်သလို အဲဒီလို တင်ပို့နိုင်မှသာလည်း တောင်သူလယ်သမားတွေ အတွက် အရင်ထက်ကောင်းတဲ့ အကျိုးရလဒ်တွေကို ပိုခံစားလာကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ရခိုင်လွတ်မြောက်နယ်မြေတွေက ဒေသခံ ပြည်သူတွေဟာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်လာသူတွေများလာပေမယ့် တခြားနေရာတွေကို တင်ပို့နိုင်လောက်တဲ့ အထိ ကုန်စည်ထွက်နူန်းမရှိသေးတဲ့ အတွက် အရင်အတိုင်း စိုက်အရှုံးဘဝတွေ နဲ့ ရင်ဆိုင်နေကြရဆဲ ဖြစ်တယ်လို့ မြောက်ဦးမြို့နယ် အတွင်းက နွေသီးနှံစိုက်ခင်း စိုက်ပျိုးသူ တစ်ဦးက CNA ကို အခုလို ပြောပြပါတယ်။

“လက်ရှိကတော့ စေ◌ျးကွက်မရှိတော့ ပုံမှန်အတိုင်း အရှုံးနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တာတော့ ရှိနေသေးတယ် ။ ကျနော်တို့အခုစိုက်ပျိုးမှုကလည်း ပြည်ပနေရာတွေကို တင်ပို့နိုင်တဲ့ အဆင့်ထိ မရှိတော့ ရောင်းမယ့် စေ◌ျးကွက်ကပျောက်နေတယ်။ဒီထက်ထွက်နူန်းကောင်းကောင်းရှိလာအောင် စိုက်ပျိုးသူတွေ များလာတော့ ဒီပြည်ပနိုင်ငံကို ပို့နိုင်မယ့် အနေအထား နဲ့ ကုန်စည်စီးဆင်းမှုလမ်းကြောင်းတစ်ခုကို ရောက်လာမယ်လို့ မြင်တယ်။အဲဒါကြောင့် အရင် အထက်ထက်က နိမ့်ကျခဲ့တဲ့ တောင်သူတွေ ဘဝ ဒီတစ်ကြိမ်မှာ ပြန်ဦးမော့လာနိုင်အောင်တော့ စုပေါင်းကြိုးစားဖို့လိုအပ်တယ်လို့ မြင်တယ်”လို့ အဲဒီတောင်သူကဆိုပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း တောင်သူတွေ အတွက် စိုက်ပျိုးရေးလုပ်ငန်းမှာ အသုံးပြုနိုင်မယ့် နည်းပညာပိုင်းဆိုင်ရာတွေကို တာဝန်ရှိသူတွေက ပို့ချသင်ကြားပေးတာ ထွက်နူန်းကောင်းတဲ့ ဆန်းစပါးနဲ့ နိုင်ငံတကာကို ထိုးဖောက်ဝင်ရောက်ရောင်းချနိုင်မယ့် မျိုးကောင်းမျိုးသန့်တွေကို ဖြန့်ဖြူးရောင်းချပေးတာတွေကိုလည်း လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း သူက အကြံပြု ပြောဆိုပါသေးတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော်ဟာ ရခိုင်က မြို့နယ် ၁၇ မြို့နယ်ရှိတဲ့ အထဲက မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက်ထားပြီး သိမ်းပိုက်ရရှိထားတဲ့ မြို့နယ်တွေထဲမှာ ဒေသဖွံ့ဖြိုးတိုက်းတက် ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို စတင်လုပ်ဆောင်မှုတွေလည်း ရှိနေပြီးဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here