Home သတင်း နိုင်ငံတဝန်းမှာ ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၆၆ဦးသေဆုံး

နိုင်ငံတဝန်းမှာ ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၆၆ဦးသေဆုံး

93
0

နိုင်ငံတဝန်းမှာ ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၆၆ဦးသေဆုံးခဲ့ရတယ်လို့ Burmese Women’s Unionက ထုတ်ပြန်လာပါတယ်။

Burmese Women’s Union ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် ဖေဖော်ဝါရီလအတွင်းမှာ အမျိုးသမီး ၆၆ဦးသေဆုံးခဲ့ရပြီး ၆၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။သေဆုံးသူအများစုဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပြီး အမျိုးသမီး ၄၅ဦးအထိ သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီး သေဆုံးသူ ၁၁ဦး၊ မြေမြှပ်မိုင်းကြောင့် ၇ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၂ဦးနဲ့ ထောင်အတွင်း ဆေးဝါးကုသခံယူမှု မရရှိခြင်းတို့ကြောင့် ၁ဦးသေဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ သေဆုံးသူ အမျိူးသမီး ၆၆ဦးထဲက ၁၃ဦးဟာ အသက် ၁၈နှစ်အောက် အမျိုးသမီးတွေဖြစ်တယ်လို့လည်း Burmese Women’s Unionက အသိပေးထားပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အမျိုးသမီး သေဆုံးသူစာရင်းကိုကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်းမှာ ၂၁ဦး၊ မကွေးတိုင်းမှာ ၉ဦး၊ ရှမ်းပြည်နယ်မှာ ၉ဦး၊ မန္တလေးတိုင်းမှာ ၈ဦး၊ ရခိုင်ပြည်နယ်မှာ ၇ဦး၊ ကချင်ပြည်နယ်မှာ ၆ဦး၊ တနင်္သာရီတိုင်းမှာ ၂ဦး၊ ပဲခူးတိုင်းမှာ ၂ဦး၊ ကရင်နီပြည်နယ်မှာ ၁ဦးနဲ့ ကရင်ပြည်နယ်မှာ ၁ဦးတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းဖို့ကြိုးပမ်းချိန်ကစပြီး ၄ နှစ်တာကာလအတွင်းမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်တွေအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို နည်းမျိုးစုံသုံးပြီး ကျူးလွန်နေခဲ့တယ်လို့လည်း Burmese Women’s Unionက ထုတ်ပြန်ထားပါတယ်။

ဒီအချက်အလက်တွေဟာ မြန်မာ့အမျိုးသမီးသမဂ္ဂအနေ နဲ့ တိကျခိုင်လုံတဲ့ သတင်းမီဒီယာတွေရဲ့ သတင်းအချက်အလက်တွေကို စောင့်ကြည့်မှတ်တမ်းတင်ပြုလုပ်ထားသလို မြေပြင်က အချက်အလက်တွေကိုလည်း ကောက်ယူစုဆောင်းထားတာဖြစ်ပြီးတော့ တချို့နေရာဒေသတွေမှာ မြေပြင် နဲ့ အဆက်အသွယ်ရရှိဖို့ ခက်ခဲတဲ့ အတွက် လက်ရှိစာရင်း ထက် မြေပြင်မှာ ပိုများနိုင်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ အထိမ်းအမှတ်နေ့မှာလည်း အမျိုးသမီးအဖွဲ့အစည်း ၇ ဖွဲ့က မြန်မာနိုင်ငံတဝန်းက အမျိုးသမီးတွေ၊ မိန်းကလေးတွေနဲ့ LGBTQ+ လူ့အဖွဲ့အစည်းတွေဟာ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလိုအကြမ်းဖက်မှုတွေမှာ မြန်မာစစ်တပ်သာမက တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အချို့လည်းပါဝင်နေပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရတဲ့ အလေ့အထနဲ့ အတူ အလားတူပြစ်မှုတွေကို ကျူး လွန် ခဲ့ကြတယ်လို့အမျိုးသမီးအဖွဲ့အစည်း ၇ဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here