CNA ၊ မြတ်သူ။
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်အတွင်းမှာ စစ်ကောင်စီ နဲ့ ဆက်စပ်ခဲ့တဲ့ ဟိုတယ် နဲ့ ရာချီတဲ့ ဝန်ထမ်းတွေ ရဲ့ နေအိမ်တွေကို အာရက္ခတပ်တော်က ချိတ်ပိတ်သိမ်းဆည်းထားတာတွေ ရှိနေတယ်လို့ သံတွဲမြို့ခံတွေက ပြောပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်မှာ အာရက္ခပြည်သူ့အစိုးရကိုဆန့်ကျင်သူ နဲ့ အကြမ်းဖက်အဖွဲ့တွေ နဲ့ ဆက်နွယ်ပတ်သက်သူတွေ ရဲ့ လုပ်ငန်း နဲ့ပိုင်ဆိုင်မှုတွေကို အာရက္ခပြည်သူ့အစိုးရပိုင် အဖြစ်နဲ့ သိမ်းဆည်းသွားမယ်လို့ ထုန်ပြန်ပြောဆိုပြီးနောက်ပိုင်းမှာ သူတို့ထိန်းချုပ်ထားတဲ့မြို့တွေ ထဲမှာ ဆက်တိုက်ဆိုသလို ချိတ်ပိတ်သိမ်းဆည်းတာတွေကို လုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။
သံတွဲမြို့နယ်အတွင်းမှာ အာရက္ခတပ်တော်က ချိတ်ပိတ်သိမ်းဆည်းခံထားရတဲ့ သူတွေ ရဲ့ နေအိမ်ကတော့ စစ်ကောင်စီရဲ့ ခရိုင်စီမံအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးလှဟန်နေအိမ်၊အငြိမ်းစား ဒုဗိုလ်မှူးကြီးထွန်းအောင်သာနေအိမ် ၊ ဗိုလ်မှူးကြီးသန်းထွဋ်ဝင်းနေအိမ် ၊ ရတနာလမ်းက ဆရာဝန်ဦးညီလေးနေအိမ်၊ အံတော်ကွက်သစ်က မြို့နယ်စစ်မူ့ထမ်းဟောင်းဥက္ကဌ ဗိုလ်ကြီးသာလှအောင်(ငြိမ်း) နေအိမ် နဲ့ ကင်းမော်ကကျောင်းဆရာမ ဒေါ်ဝင်းဝင်းရွှေ နေအိမ်အပါအဝင် ရာနဲ့ချီတဲ့ အိမ်တွေကို အာရက္ခတပ်တော်က ချိတ်ပိတ်သိမ်းဆည်းလိုက်တာ ဖြစ်တယ်လို့ သံတွဲမြို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။
“ပြည်သူတွေထဲကတော့ အရင်က စကစလက်အောက်မှာ အလုပ်လုပ်ခဲ့တဲ့ အရာရှိတော်တော်များများနေအိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းတာရှိတယ်။ဒီထဲမှာ ကျောင်းဆရာမ နေအိမ်တွေ အငြိမ်စားဝန်ထမ်းနေအိမ်တွေပါနေတာတော်တော်များတယ်။ အခုချိတ်ပိတ်တာက အပေါ်က လာပိတ်တာမဟုတ်ဘူး သူနဲ့မတည့်ရင် သူ့ရန်သူလို့ သတ်မှတ်ပြီးတော့ အပေါ်ကိုတင်ပြပြီး ပိတ်နေတာ ဖြစ်တယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ငပလီကမ်းခြေတစ်လျှောက်မှာရှိတဲ့ ဦးကောင်းစံပိုင်ဆိုင်တဲ့ ကြယ် ၅ ပွင့်အဆင့်ရှိတဲ့ စံပယ်ဖြူ ငပလီ ဟိုတယ် အပါအဝင် ဘီလျံနာ သူဌေးတွေဖြစ်တဲ့ ဦးတေဇ၊ ဦးချစ်ခိုင်၊ ဦးအောင်မျိုးမင်းဒင်၊ AMATA ဟိုတယ်လုပ်ငန်းစုပိုင်ရှင် ဦးဝင်းအောင်၊ ဦးမြဟန် တို့ပိုင်ဆိုင်တဲ့ ဟိုတယ်အပါအဝင် ဟိုတယ်တော်တော်များများကို အာရက္ခတပ်တော်က ချိတ်ပိတ်သိမ်းဆည်းထားတာ လည်း ရှိနေတယ်လို့ အဲဒီ သံတွဲမြို့ခံက ပြောပါတယ်။
ဟိုတယ်တွေသိမ်းမှုကိုတော့ သံတွဲ ဒေသခံ တစ်ဦးအနေ နဲ့ အာရက္ခတပ်တော် ရဲ လုပ်ရပ်ကို ထောက်ခံမှု ရှိပေမယ့် လက်ရှိ ဝန်ထမ်းတွေထဲက တချို့ဝန်ထမ်းနေအိမ်တွေကို ချိတ်ပိတ်သိမ်း ဆည်းမှုတွေဟာ မလုပ်သင့်တဲ့ လွဲမှားမှုတွေ ရှိနေပြီး ဒီအတွက် အာရက္ခတပ်တော် အကြီးပိုင်းအနေ နဲ့ ဒီချိတ်ပိတ်သိမ်းဆည်းမှုတွေကိုတော့ ပြန်လည်သုံးသပ်ဖို့လိုအပ်တာတွေ ရှိနေတယ်လို့ နေအိမ်ချိတ်ပိတ် သိမ်းဆည်းခံရတဲ့ အထဲမှာ ပါဝင်သွားတဲ့ ပညာရေးဝန်ထမ်းတစ်ဦးက တောင်းဆိုပါတယ်။
“အခုဟိုတယ်တွေသိမ်းတယ်ဆိုတာ လက်ခံပါတယ် ဖြစ်လည်းဖြစ်သင့်တယ်။ဒါပေမယ့် အခု နေအိမ်တွေကို ချိတ်ပိတ်တဲ့ အထဲမှာ ပြည်သူ့ဝန်ထမ်းတွေ နေအိမ်တွေ ပါနေတာတွေ ရှိတယ် အဆိုးဆုံးက ပညာရေးဝန်ထမ်းတွေရဲ့နေအိမ်တွေ ပါနေတယ်။ပညာရေးဝန်ထမ်းဆိုတာက ဘယ်အစိုးရတက်လာတက်လာ ဒေသအတွင်းမှာရှိတဲ့ ရှိတဲ့ ကလေးတွေကို ပညာကောင်းကောင်းသင်ကြားပေးရမှာက ပညာရေးဝန်ထမ်းတွေ အလုပ် အဲဒါကို စစ်ကောင်စီ လက်အောက်မှာ အလုပ်လုပ်လို့ အိမ်ကိုချိတ်ပိတ်တယ်ဆိုတာက မဖြစ်သင့်တဲ့ အမှားတစ်ခုလို့မြင်တယ် ဒီကိစ္စကိုတော့ အာရက္ခတပ်တော် ရဲ့ အကြီးပိုင်းတွေက ပြန်စစ်ဆေးဖို့လိုအပ်တယ်”လို့ သူကတောင်းဆိုပါတယ်။
ဒါ့အပြင် တောင်ကုတ်မြို့နယ်အတွင်းက လူသိများတဲ့ (ထာဝရအောင်မြေ ကုမ္ပဏီပိုင်ရှင်) ဦးကျောက်နေအိမ် အပါအဝင် ဦးကျောက်တောင် နဲ့ ဆက်စပ်တဲ့ သူတွေ ဖြစ်တဲ့ နေအိမ် ၃၁ လုံးကိုလည်း အာရက္ခတပ်တော်က ချိတ်ပိတ်သိမ်းဆည်းတာတွေ ရှိနေသလို ဘူးသီး တောင် နဲ့ မောင်တော မြို့နယ်တွေမှာလည်း အာရက္ခတပ်တော်က နေအိမ် ၆၀ ထက်မနည်းကို ချိတ်ပိတ်သိမ်းဆည်း တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အခုလို နေအိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းနေမှု အခြေအနေတွေ နဲ့ပတ်သက်ပြီးတော့ အာရက္ခတပ်တော်ကတော့ တစ်စုံတရာထုတ်ပြန်ပြောဆိုတာတွေ မရှိသေးသလို အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခကို CNA က ဆက်သွယ်မေးမြန်းထားပေမယ့် တစ်စုံတရာ ပြန်လည်ဖြေကြားပေးတာတော့ မရှိသေးပါဘူး။