Home နိုင်ငံရေး EAO တွေ အနေ နဲ့ ကိုယ်ဖြစ်ချင်တာကို မပြောဘဲ ဖြစ်သင့်တာကိုပဲ ပြောဖို့ ရုရှားပြန် မင်းအောင်လှိုင်ပြောဆို

EAO တွေ အနေ နဲ့ ကိုယ်ဖြစ်ချင်တာကို မပြောဘဲ ဖြစ်သင့်တာကိုပဲ ပြောဖို့ ရုရှားပြန် မင်းအောင်လှိုင်ပြောဆို

39
0

မကြာသေးခင်က ရုရှားကနေ ပြန်ရောက်လာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေအနေနဲ့ ကိုယ်ဖြစ်ချင်တာကို မပြောဘဲ ဖြစ်သင့်တာကိုပဲ ပြောကြဖို့ကို ပြောဆိုလုက်ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ကနေ မတ်လ ၉ ရက်နေ့အထိ ရုရှား၊ ဘယ်လာရုစ်နိုင်ငံတွေ ရဲ့ သမ္မတတွေ ဖိတ်ကြားချက် အရ ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့ပြီး အဲဒီက အပြန် မတ်လ ၉ ရက်နေ့ ညနေပိုင်း နေပြည်တော် တပ်မတော်လေဆိပ်သို့ ရောက်ရှိချိန် အထူးလေယာဉ်ပေါ်မှာ မီဒီယာတွေရဲ့ မေးမြန်းချက်ကို အခုလိုပဲ ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “EAO တွေကိုလည်း ကျွန်တော်ပြောချင်တာကတော့ ကိုယ်ဖြစ်ချင်တာ တွေမပြောပါနဲ့။ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေပဲပြောဖို့ ကောင်းတယ်။ လူဆိုတာကတော့ ဖြစ်ချင်တာကတော့ လူတိုင်းဖြစ်ချင်တာပဲ။ ကျွန်တော်လည်း ဖြစ်ချင်တာတွေအများကြီးရှိတာပဲ။ ဒါပေမယ့် ကျွန်တော်ဖြစ်ချင်တာ ဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်။ ဖြစ်သင့်တာ ဖြစ်နိုင်တာကိုပဲ ကျွန်တော်တို့ သွားတာကောင်းတယ်။ ကျွန်တော်တို့ပြောတယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ ကြည့်မယ်ဆိုရင် တကယ့်ဆုံချက်မှာ ရှိနေပြီး မြန်မာနိုင်ငံလောက် အခွင့်အရေးကောင်းတဲ့ နိုင်ငံမရှိဘူးလို့ လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပါတယ်။

ဒါကြောင့် နိုင်ငံမှာ အခြေပြုပြီး စီးပွားရေးလုပ်ငန်းတွေဖြစ်ဖြစ်၊ မြန်မာနိုင်ငံကို ဖြတ်ပြီးတော့ သွားမှာပဲ ဖြစ်ဖြစ် ဒီ ကြီးမားတဲ့ ဈေးကွက်ကြီးတစ်ခုလုံးကို ကူးလူးဆက်ဆံနိုင်ခွင့် ရမှာဖြစ်ပြီး လက်တွဲလုပ်ဆောင်ဖို့ အသင့်တော်ဆုံးအချိန်ရောက်ပြီလို့ လည်းဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေအပေါ်မှာလည်း ဦးစားပေးပြီးတော့ ကျွန်တော်ဆောင်ရွက်ပေးမယ်။ ကျွန်တော်ဆုံးဖြတ်ထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျပြီးကျန်ခဲ့တဲ့ တိုင်းရင်းသားနယ်မြေတွေအားလုံးကို ကျွန်တော်ဦးစားပေးပြီး ဆောင်ရွက်ပေးမယ်။ အခုထိတတ်နိုင်သမျှ ကျွန်တော်လုပ်ပေးပါတယ်။ ကျွန်တော်တို့နိုင်ငံက ပါတီစုံဒီမိုကရေစီစနစ်ကိုသွားမှာ နံပါတ်တစ်ချက်ပေါ့။ ကျွန်တော်တို့က လွတ်လပ်ရေးရပြီးတာ ၇၇ နှစ်တာကြာခဲ့ပြီ။ ကျွန်တော်တို့မှာ ပဋိပက္ခပေါင်းများစွာနဲ့ကြုံတွေ့ခဲ့ရတယ်။ တစ်ကယ်တော့ ကျွန်တော်တို့မှာရှိတဲ့ လူသားအပါအဝင် သယံဇာတအရင်းအမြစ်တွေများစွာရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ အခုနှစ် ဒီဇင်ဘာလ ဒါမှမဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဆိုထားပြီး အခြားတစ်ဖက်မှာလည်း တော်လှန်ရေး အင်အားစုတွေက မပျက်ပျက်အောင် ဖျက်မယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှုနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေဟာ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ကာ မြို့နယ်အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here