CNA ၊ လင်းလင်း။
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကို ၂ လ အတွင်းမှာ အကောင်အထည်ဖော်လုပ်ဆောင်ဖို့ အတွင် စစ်ခေါင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မတ်လ ၁၁ ရက်နေ့မှာ ညွန်ကြား ခဲ့တယ်လို့ စစ်ကောင်စီသတင်းဌာနတွေက သတင်းထုတ်ပြန် ပြောဆိုလာပါတယ်။
ဒီညွန်ကြားချက်ကို စစ်ခေါင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နေပြည်တော်မှာ မတ်လ ၁၁ ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ၂၀၂၅ ခုဘဏ္ဍာ နှစ် မြန်မာအထူးစီးပွါးရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ရဲ့ ဒုတိယအကြိမ်အစည်းအဝေးမှာ ညွန်ကြားပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဒီကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၅ ရက်နေ့မှာ ကနဦး ချုပ်ဆိုခဲ့ပြီးနောက် ဖြည့်စွက်တဲ့ နောက်ဆက်တွဲစာချုပ် (Addendum) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ စီမံကိန်းကုမ္ပဏီ နဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့ဟာ ထပ်မံ လက်မှတ်ရေးထိုးခဲ့ပြီး Long Stop Date ကိုလည်း သက်တမ်းတိုးပေးခဲ့ပြီဖြစ်သလို သက်တမ်းတိုးမြှင့်ထားတဲ့ ကာလအတွင်းမှာ နှစ်ဦး နှစ်ဖက် အတွက် လုပ်ငန်းတွေ ပြီးအောင် ဆောင်ရွက်ဖို့ကို စစ်ခေါင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ညွန်ကြားခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “ကျောက်ဖြူအထူးစီးပွါးရေးဇုန် ဟာ ပထဝီနိုင်ငံရေး အရ စီးပွါးရေး နဲ့ နိုင်ငံရေးအရ အရေးကြီးတဲ့ အပြင် နိုင်ငံအတွက် အရေးကြီးပြီးဒေသ ခံတွေ နှင့် နိုင်ငံတော်အတွက် အကျိုးများစွာ ဖြစ်ထွန်းနိုင်တာကြောင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာ တရုတ် စီးပွါးရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကို ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး Belt and Road စီမံကိန်းအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင် ရွက် မှုကိုလည်း ပိုမိုမြှင့်တင်စေနိုင်မှာ ဖြစ်တယ်”လို့ ပြောဆိုခဲ့ကြောင်း စစ်ကောင်စီသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒီ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်တဲ့ နေရာမှာလည်း စီးပွားရေးရှု့ထောင့်တစ်ခုတည်းကို မကြည့်ဘဲ နိုင်ငံရေးအနေ နဲ့လည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်သလို ကျောက်ဖြူအထူးစီးပွါးရေး ဇုန်ကနေ ပို့ကုန်တိုးမြှင့်ရေးအတွက် ဦးစားပေးထုတ်လုပ်နိုင်မယ့် လုပ်ငန်းရှင်တွေကိုလည်း ရွေးချယ်ဖိတ်ခေါ်သွားဖို့ ရှိတယ်လို့ စစ်ခေါင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထပ်မံပြောဆိုထားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အခုလို ဒုစစ်ခေါင်းဆောင် က ကျောက်ဖြူအထူးစီးပွါးရေးဇုံ အကောင်အထည်ဖော် ဆက်လက်နိုင်ဖို့ တိုက်တွန်းချက် နဲ့ ပတ်သပ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ အထွေထွေအ တွင်းရေးမှူး ဦးမျိုးကျော် သုံးသပ်ပြောဆိုတာက“သေချာတာက လက်ရှိကျောက်ဖြူစီမံကိန်းကို အကောင်အထည်ဖော်ချင်တယ်ဆိုရင် အာရက္ခတပ်တော် နဲ့ ညှိနိူင်းဆောင်ရွက်ပြီးတော့ အာရက္ခတပ်တော်က ခွင့်ပြုရင်တော့ ရနိုင်ပါတယ်။အာရက္ခတပ်တော်ကလည်း အပြီးသတ်ပြေထားတာ ရှိတာကို သကြားမင်းဆင်းတားလည်း ဒီနေရာတွေကို သိမ်းမယ်လို့ သိမ်းလို့ ရတဲ့ အနေ အထားမှာလည်း ရှိတာကို။အခု စစ်ခေါင်းဆောင် စိုးဝင်ပြောနေတာကလည်း ရခိုင်ပြည်သူတွေ ရဲ ဆန္ဒ အာရက္ခတပ်တော် ရဲ့ ဆန္ဒ ပြီးတော့ လက်ရှိပကတိ မြေပြင်အခြေ အနေ နဲ့ မကိုက်ညီတဲ့ အတွက် ဟိန်းလုံဟောက်လုံး ပြောနေတာပဲ ဖြစ်မယ် မဖြစ်နိုင်ဘူးလို့မြင်တယ်”လို့ သူက သုံးသပ်ပြောဆိုပါတယ်။
ဒါ့အပြင် လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ အဲဒီ စီမံကိန်းလုပ်ဆောင်မယ့်နေရာအနီးတဝိုက်မှာ နေ့စဉ် နှစ်ဖက်တိုက်ပွဲ ဖြစ်နေတာတွေ ရှိနေတဲ့ အတွက် ဒီပြောဆိုမှုဟာ ပြောဆိုမှု သက်သက်သာ ဖြစ်သွားမှာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
ရခိုင်တကျော့ပြန်တိုက်ပွဲ ဖြစ်ပွါးပြီးတဲ့ နောက်ပိုင်းမှာ အာရက္ခတပ်တော်ဟာ ရခိုင်က မြို့နယ် ၁၄ ခု နဲ့ ပလက်ဝဒေသကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်က မဟာဗျူဟာကျတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၁ ခုကိုလည်း အာရက္ခတပ်တော် ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေပြီးတော့ အဲဒီထဲက သံတွဲ၊ အမ်းနဲ့ ဂွမြို့တွေမှာရှိတဲ့ လေအားလျှပ်စစ်စီမံကိန်းတွေကိုတော့ အာရက္ခတပ်တော်က အပြည့်အဝထိန်းချုပ်ထားပြီးဖြစ်တယ်လို့ ISP Myanmar က ထုတ်ပြန်ပြောဆိုထားပါတယ်။