Home သတင်း အာရက္ခတပ်တော်ရဲ့ ချိတ်ပိတ်သိမ်းဆည်းမှုလုပ်ဆောင်တဲ့ နေရာမှာ သေချာစီစစ်ပြီးမှ လုပ်ဖို့ ရခိုင် နိုင်ငံရေးအသိုင်းအဝိုင်းက အကြံပြုပြောဆို

အာရက္ခတပ်တော်ရဲ့ ချိတ်ပိတ်သိမ်းဆည်းမှုလုပ်ဆောင်တဲ့ နေရာမှာ သေချာစီစစ်ပြီးမှ လုပ်ဖို့ ရခိုင် နိုင်ငံရေးအသိုင်းအဝိုင်းက အကြံပြုပြောဆို

70
0

CNA၊ မတ်၊ ၁၅။

အာရက္ခတပ်တော်(AA)ရဲ့ ချိတ်ပိတ်သိမ်းဆည်းမှုတွေမှာ ပုဂ္ဂိုရေးပိုင်းဆိုင်ရာ အရေးယူမှုတွေမပါဝင်ဖို့နဲ့ သေသေချာချာစီစစ်ပြီးမှ အရေးယူဖို့ လိုအပ်တယ်လို့ ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းတွေက အကြံပြုပြောဆိုတာတွေ ရှိလာနေပါတယ်။

အာရက္ခတပ်တော်ဟာ သံတွဲ ၊တောင်ကုတ် ၊ဘူးသီးတောင် နဲ့ မောင်တော မြို့နယ်တွေက စီးပွါးရေး လုပ်ငန်းရှင်တွေ ရဲ့ ပိုင်ဆိုင်မှုတွေ ၊ စစ်အုပ်စုပိုင်ဟိုတယ်တွေ အပါအဝင် စစ်ကောင်စီအဖွဲ့တွေရဲ့ အရာရှိနေအိမ်တွေ၊ပညာရေးဝန်ထမ်းတွေ ရဲ့ နေအိမ်တွေ မွတ်ဆလင်တွေ ပိုင်ဆိုင်တဲ့ နေအိမ်တွေကို အာရက္ခတပ်တော်က ချိတ်ပိတ်သိမ်းဆည်းတာ လုပ်ဆောင်လာနေပြီး နောက်ပိုင်းမှာ အခုလို အကြံပြု ပြောဆိုလာခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလို အာရက္ခတပ်တော်က ဒေသအတွင်းက စီးပွားရေး လုပ်ငန်းရှင် အပါအဝင် ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းမှု လုပ်ဆောင်လာတဲ့ နေရာမှာ အာရက္ခတပ်တော် အနေ နဲ့ သေသေချာချာ စီစစ်ပြီးတော့ လုပ်ဆောင်ဖို့ လိုအပ် တယ်လို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်ကဆိုပါတယ်။

“အရေးယူတယ်ဆိုတဲ့နေရာမှာ မှားယွင်းပြီးတော့ မလိုမုန်း ထားမှုနဲ့ ကိုယ်နဲ့ ပြိုင်ဘက်ဖြစ်နေလို့ ကိုယ့်ကိုထိခိုက်လို့ဆိုပြီး အဲဒီလို ပုဂ္ဂိုရေးပိုင်းဆိုင်ရာ အရေးယူမှုအစိတ်အပိုင်းတွေမှာ အရေး ယူမှု မမှားဖို့လိုတယ်လို့ မြင်တယ်။ အမှန်တကယ် ကျူးလွန်တာမဟုတ်ဘဲ နဲ့ မှားယွင်းပြီးတော့ အရေးယူမှုလုပ်လာခဲ့ရင်တော်တော် နစ်နာမယ်လို့ မြင်တယ်။ အရေးယူခံရတဲ့ သူရော အ ရေးယူတဲ့ အဖွဲ့အစည်းရော သမိုင်းမလှတဲ့ အနေအထားဖြစ်လာမှာ”လို့ သူက ပြောပါတယ်။

လက်ရှိ လုပ်ဆောင်မှု ဟာ အာရက္ခတပ်တော် အနေ နဲ့ သူတို့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တနည်းအားဖြင့် ( De Facto)အစိုးရတရပ်အဖြစ် နဲ့ ထူးထောင်လုပ်ဆောင်လာတာဖြစ်တဲ့ အတွက် တချို့ ကိစ္စရပ်တွေကို ပြတ်ပြတ်သားသား လုပ်ဆောင်လာနေရတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်ကတော့ ရခိုင်မှာ အာရက္ခပြည်သူ့အစိုးရကိုဆန့်ကျင်သူ နဲ့ အကြမ်းဖက်အဖွဲ့တွေ နဲ့ ဆက်နွယ်ပတ်သက်သူတွေရဲ့ လုပ်ငန်း နဲ့ပိုင်ဆိုင်မှုတွေကို အာရက္ခပြည်သူ့အစိုးရပိုင် အဖြစ် နဲ့ သိမ်းဆည်းသွားမယ်လို့ ထုတ်ပြန်ပြောဆိုမှုတွေ ရှိနေပြီးတော့ လက်ရှိ နေအိမ်ချိတ်ပိတ် သိမ်းဆည်းမှု အခြေ အနေတွေ နဲ့တော့ ဘာကြောင့် ချိတ်ပိတ်သိမ်းဆည်းရတယ်ဆိုတာကို တော့ အများပြည်သူတွေ ထုတ်ပြန်ပြောဆိုတာတွေတော့မရှိသေးပါဘူး။

သံတွဲမြို့နယ်အတွင်းက နေအိမ်ချိတ်ပိတ်သိမ်းဆည်းတာတွေ မှာ ပါဝင်သွားတဲ့ ပညာရေးဝန်ထမ်းတချို့ကတော့ နေအိမ်တွေ ချိတ်ပိတ်သိမ်းဆည်းမှုတွေကို အာရက္ခတပ်တော် အေန နဲ့ ပြန်လည်စီစစ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့လည်း CNA ကို ပြောဆိုထားတာတွေ ရှိနေပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း ဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်လာခဲ့ရင် ဒေသအတွင်း စီးပွါးရေး၊ကုန်သွယ်ရေး လုပ်ငန်းတွေကို စီးပွါးရေး လုပ်ငန်းရှင်တွေ နဲ့ ပြန်လည် လည်ပတ်ရလာမှာမို့ အရေးယူဆောင်ရွက်တဲ့ နေရာမှာ မိမိဒေသထိခိုက်မှု နဲ့ အကျိုးစီးပွါး ဖြစ်ထွန်အပေါ်မှာ နှစ်ဖက်မျှတစွာ သုံးသပ်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်း နဲ့ အရေးယူ ‌ေဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်း အာရက္ခတပ်တော်ရဲ့ ခေါင်းဆောင်ပိုင်းတွေကို ဦးမျိုးကျော်က အကြံပြု ပြောဆိုထားပါတယ်။

“သူတို့မရှိဘဲ နဲ့ အဲဒီဒေသကို ထူထောင်ဖို့၊ ကုန်သွယ်ဖို့၊ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ။ အဲဒီအတွက်ကြ သူတို့က အရေးပါမယ်ထင်တယ်။နောက်တစ်ခုကလည်း စီးပွားရေးသမားဆိုတာက သူတို့ရဲ့ ရည်ရွယ် ချက်ကိုက ကိုယ်ကျိုးစီးပွားအတွက် ရှာကြတာဖြစ်တယ်။ဒါပေမယ့် မတော် လောဘဇောနဲ့ သူတို့လုပ်ရပ်က အများပြည်သူကိုထိခိုက်တာ၊ သဘာဝကိုထိခိုက်တာ၊ ပြည်ကို အနှောက်အယှက်ဖြစ်စေတယ်ဆိုရင်တော့ ပုံစံတမျိုးရှိမယ်ပေါ့”လို့ ပြောပါတယ်။

အဲဒါတွေ အပြင် တစ်ဖက်မှာ နဲ့ ကိုယ့်လူကိုချန်ထား သူ့လူကိုအရေးယူဆိုတာမျိုးတွေမလုပ်ဖို့လိုအပ်ပြီး အဲဒီလို လုပ်ရပ်မျိုးတွေ ရှိလာခဲ့ရင်လည်း အဖွဲ့အစည်းရဲ့ ညီညွတ်မှု၊ အဖွဲ့အစည်းကို အားကိုယုံကြည်နေတဲ့သူတွေကိုလည်း များစွာထိခိုက်လာနိုင်မှာ ဖြစ်တယ်လို့လည်း သူကအကြံပြု ပြောဆိုထားပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here