Home နိုင်ငံရေး တရုတ်အစိုးရပိုင် ကုမ္ပဏီ နဲ့ ဆက်နွယ်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ကို စုံစမ်းစစ်ဆေးပေးဖို့ အဖွဲ့အစည်းတွေတောင်းဆို

တရုတ်အစိုးရပိုင် ကုမ္ပဏီ နဲ့ ဆက်နွယ်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ကို စုံစမ်းစစ်ဆေးပေးဖို့ အဖွဲ့အစည်းတွေတောင်းဆို

55
0

တရုတ်အစိုးရပိုင် ကုမ္ပဏီတွေနဲ့ဆက်နွယ်နေတဲ့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘိရှော့(Julie Bishop)ကို စုံစမ်းစစ်ဆေးပေးဖို့နဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်အာ ဏာကို အဆုံးသတ်ဖို့ မြန်မာဒေသတွင်းနဲ့ နိုင်ငံတကာအရပ်ဘက်လူထုအဖွဲ့အစည်း ၂၉၀ ဖွဲ့တို့က တောင်းဆိုလိုက်ပါတယ်။

မနေ့ မတ်လ ၁၇ရက်နေ့မှာ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (António Guterres)နဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ (United Nations General Assembly – UNGA)တို့ကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီ ဘိရှော့ရဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုတွေနဲ့ မြန်မာနိုင်ငံမှာလုပ်ကိုင်လျက်ရှိတဲ့ Shenghe Resources၊ China Communications Construction Company အပါအဝင် ဖြစ်နိုင်ခြေရှိတဲ့ ဒါမှမဟုတ် အတည်ပြုထားတဲ့ သတ္တုတွင်းလုပ်ငန်းတွေ၊ တရုတ်အစိုးရပိုင်ကုမ္ပဏီတွေနဲ့ ဆက်နွှယ်မှုတွေကို အံ့ဩဖွယ် သိရှိရတယ်လို့ အဖွဲ့အစည်းတွေက ဆိုပါတယ်။

ဂျူလီ ဘိရှော့ရဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီတွေ နဲ့ဆက်နွှယ်နေမှုဟာ တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့လိုအပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦးအနေနဲ့ ရှိရမယ့် သမာသမတ်ကျမှုနဲ့ လွတ်လပ်ပြီး အမှီအခိုကင်းမှုအပေါ် အလွန်ကြီးမားတဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

တရုတ်အစိုးရဟာ မြန်မာစစ်အုပ်စုရဲ့ ပြည်သူတွေအပေါ်ကျူးလွန်နေတဲ့ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေကို အားပေးကူညီနေတယ်ဆိုတာကို အထောက် အထားတွေက ဖော်ပြထားပြီးဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

ကုလသမဂ္ဂအနေနဲ့လည်း မြန်မာပြည်သူတွေရဲ့ အသက်များစွာအပေါ် အန္တရာယ်ဖြစ်စေမယ့် ဗြောင်ကျလှတဲ့ စီးပွါးရေး ဆိုင်ရာအကျိုးစီးပွားတွေရှိနေတဲ့ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ တာဝန်ဆက်လက်ပေးထားမယ်ဆိုရင် အလွန်ပင်ကျိုးကြောင်းဆင်ခြင်မှု နည်းပါးလှတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အဖွဲ့အစည်းတွေကထောင်ပြ ပြောဆိုပါတယ်။

ဒါ့အပြင် အခုမြင်တွေ့ရတဲ့ အထူးကိုယ်စားလှယ် ဂျူလီ ဘိရှော့ရဲ့ အကျိုးစီးပွားဆိုင်ရာပဋိပက္ခဟာ အထူးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေက တစ်ဆင့် ငြိမ်းချမ်းရေးအကျိုးဆောင်ဖို့ ဆယ်စုနှစ်များစွာကြာလုပ်ဆောင်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေအတွက် အပြုသဘောဆောင်တဲ့ အပြောင်းအလဲဆောင်ကြဉ်းပေးမှုတွေ လုံးဝမရှိဘူးဆိုတာကို နောက်ဆုံးထပ်မံသတိ ပေးမှုဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အဲဒါကြောင့် ခေတ်နောက်ကျပြီး ထိရောက်မှုမရှိတဲ့ လုပ်ပိုင်ခွင့်အာဏာကို ဖျက်သိမ်းဖို့အတွက် အရင်ကတည်းကပင် အရပ်ဘက်လူထုအဖွဲ့အစည်းတွေက ကုလသမဂ္ဂကို တောင်းဆိုခဲ့ကြပြီးဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူလူထုရဲ့ လူ့အခွင့်အရေးကို အပြည့်အဝလေးစားပြီး စစ်အာဏာရှင်စနစ်အမြစ်ဖြတ်မယ့် သူတို့ရဲ့စုပေါင်းဆန္ဒကို ပံ့ပိုးမှုဖြစ်စေမယ့်၊ အခြေခံမူတွေအပေါ်ရပ်တည်မယ့်၊ ကျင့်ဝတ်နဲ့ ညီတဲ့ ဟန်ချက်ညီ အားထုတ်မှုအဖြစ် ပြောင်းလဲဆောင်ရွက်ရမယ်လို့လည်း ဖော်ပြထားပါတယ်။

ယခုအချိန်ဟာ မြန်မာနိုင်ငံအကျပ်အတည်းအပေါ် ကုလသမဂ္ဂရဲ့ အဆင့်နှိမ့်တာဝန်လွှဲအပ်မှုကို နောက်ဆုံး အဆုံးသတ်ရမယ့်အချိန်ဖြစ်ပြီး အထူးသဖြင့် လက်ရှိဖြစ်ပေါ်နေတဲ့ အထူးကိုယ်စား လှယ် ဂျူလီ ဘိရှော့ရဲ့ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်အာဏာကို ချက်ချင်းရုပ်သိမ်းဖို့ UNGAကိုတိုက်တွန်းတယ်လို့လည်း ‌အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့လည်း ဂျူလီ ဘိရှော့ရဲ့ အကျိုးစီးပွားဆိုင်ရာပဋိပက္ခနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုကို အမြန်ဆုံးလုပ်ဆောင်ဖို့နဲ့ တွေ့ရှိချက်တွေကို အများပြည်သူဆီချပြဖို့ကိုလည်း အဖွဲ့အစည်းတွေက တောင်းဆိုထားပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here