စစ်ကောင်စီက ရန်ကုန်မှာ မတ်လ ၆ ရက်နေ့က မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့တစ်ခုကို မြန်မာကျပ်ငွေ ၉၆ ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဒီနေ့ မတ်လ ၁၉ ရက်နေ့ထုတ် စစ်ကောင်စီ သတင်းစာမှာ ဖော်ပြထားပါတယ်။
အဲဒီ ဖမ်းဆီး ရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့မှာနေထိုင်တဲ့ ကိုတင်မောင်ဝင်း ရဲ့ အစီအမံနဲ့ ရန်ကုန်တိုင်းအတွင်း အဆင့်ဆင့်ချိတ်ဆက်ရောင်းချသူတွေအပြင် ရန်ကုန်ကတဆင့် မလေးရှားပင်လယ်ပြင်ကိုပါ ချိတ်ဆက်ရောင်းချတာတွေကိုဖော်ထုတ်ဖမ်းဆီးထားတာ ဖြစ်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
အဲဒီထဲက ရန်ကုန်ကတဆင့် မလေးရှားပင်လယ်ရေပြင်ကို ဒီဆေးဝါးတွေရောင်းချဖို့အတွက်ကို အာရက္ခတပ်တော်(အေအေ)ရဲ့ စီးပွားရေးတာဝန်ခံ ကိုရဲဝင်း(ခ) ကိုကျော်စိုးလင်းနဲ့ ဇနီးဖြစ်သူ မသီတာမြင့်တို့က စီမံလုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲ ပြောဆိုတာတွေ ရှိနေပြီး လက်ရှိမှာတော့ သူတို့ နှစ်ဦးကို မဖမ်းဆီးနိုင်သေးဘူးလို့လည်း ဆိုထားပါတယ်။
ဒါပေမယ့် တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဆိပ်ကြီး ခနောင်တို၊ သာကေတနဲ့ မြောက်ဥက္ကလာမြို့နယ်တွေက ပြန်လည်ရောင်းချပေးသူ ၊ ချိတ်ဆက်ပေးသူ နဲ့ သယ်ယူ ပို့ဆောင်ပေးသူ ၁၄ ဦး နဲ့ အတူ မူးယစ်ဆေးဝါးတွေကို ဖမ်ဆီးရမိထားခဲ့ပြီးဖြစ်တယ်လို့လည်း စစ်ကောင်စီကဆိုထားပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော်(အေအေ)ရဲ့ စီးပွားရေးတာဝန်ခံ ကိုရဲဝင်း(ခ) ကိုကျော်စိုးလင်းနဲ့ ဇနီးဖြစ်သူ မသီတာမြင့်တို့ သူတို့ဇနီးမောင်နှံဟာ တန့်ယန်း၊ တောင်ကြီး၊ မန္တလေးနဲ့ ရန်ကုန်မြို့မှာလည်း မော်တော်ယာဉ်ဂိတ်တွေဖွင့်လှစ်ထားပြီး ခရီးသည်တင်မှန်လုံယာဉ် ၁၆ စီးနဲ့ အတူ မူးယစ်ဆေးသယ်ယူပို့ဆောင်နေတာဖြစ်တယ်လိုလည်း မော်တော်ယာဉ်ပုံတွေနဲ့တကွ စစ်ကောင်စီက ဒီနေ့ ထုတ် သတင်းစာမှာစွပ်စွဲ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။
စစ်ကောင်စီ အနေ နဲ့ ဒီမူးယစ်ဆေးဝါးကသိမ်းဆည်းရမိတဲ့ငွေကြေးအကျိုးအမြတ်တွေ၊ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ဖို့အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဆက်ပြီးအရေးယူဆောင်ရွက်ဖို့ ကို လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီဟာ ရန်ကုန်မြို့အတွင်း နဲ့ မြန်မာနိုင်ငံ အတွင်းက မှုးယစ်ဆေးဝါးတော်တော်များများကို ဖမ်းဆီးရမိတိုင်း အာရက္ခတပ်တော် အပါအဝင် တိုင်ရင်းသားလက်နက်ကိုင်တွေ ရဲ့ မှုး ယစ်ဆေးဝါးတွေဖြစ်ကြောင်း မကြာမကြာ စွပ်စွဲ ပြောဆိုလေ့ ရှိပါတယ်။
လက်ရှိ မှာလည်း ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို အာရက္ခတပ်တော် နဲ့ ပတ်သက်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲ ပြောဆိုနေတာတွေ ထပ်မံ ရှိနေပြီး လက်ရှိ စစ်ကောင်စီ စွပ်စွဲ ပြောဆိုမှု နဲ့ ပတ်သက်ပြီးတော့ အာရက္ခတပ်တော် (အေအေ)က တစုံတရာ ထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။