လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံကို မွတ်ဆလင် (ရိုဟင်ဂျာ)ဒုက္ခသည်တွေ ပြန်မပို့ဖို့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရကို အကြံပြုထားတဲ့အကြောင်း Fortify Rights ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် အသွင်ကူးပြောင်းရေး အစိုးရ(ယာယီအစိုးရ)ကို ယခင် ဘင်္ဂလားဒေ့ရှ်အစိုးရလက်ထပ်က မွတ်ဆလင် (ရိုဟင်ဂျာ)တွေအပေါ် လစ်လျူရှုပြီး ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအကြောင်း အထောက်အထား စာတမ်းတွေနဲ့အတူ နိုင်ငံတွင်းက မွတ်ဆလင်(ရိုဟင်ဂျာ)ဒုက္ခသည်တွေအတွက် အကာအကွယ်၊ တရားမျှတမှု တိုးတက်ကောင်းမွန်လာစေဖို့ အသေးစိတ်အကြံပြုချက်တွေကို Fortify Rightsက အစီရင်ခံစာထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အရင်အစိုးရဟာ ဒုက္ခသည်တွေကို လက်နက်ကိုင်အဖွဲ့တွေရဲ့ အုပ်ချုပ်မှုနဲ့ အကြမ်းဖက်မှုကနေ ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့သလို၊ ဒုက္ခသည်တွေကို ကာကွယ်ပေးဖို့တာဝန်ရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)ကလည်း ဒုက္ခသည်တွေအပေါ် လက်နက်ကိုင်တွေရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်ရာမှာ နှောင့်နှေးခဲ့တယ်လို့ ဆိုပါတယ်။
ယခင်အစိုးရလက်ထက်က ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကလည်း UNHCRရဲ့ လုပ်ငန်းဆောင်တာတွေကို ပြင်းပြင်းထန်ထန်ကန့်သတ်ချုပ်ကိုင်ထားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည် စခန်းတွေမှာ မွတ်ဆလင်(ရိုဟင်ဂျာ) ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ မွတ်ဆလင်(ရိုဟင်ဂျာ) ဒုက္ခသည်တွေအပေါ် ခြိမ်းခြောက်တာ၊ ပြန်ပေးဆွဲတာနဲ့ ညှဉ်းပန်း နှိပ်စက်တာတွေကို ပိုမိုလုပ်ဆောင်လာပြီး ဥပဒေမဲ့ သတ်ဖြတ်တာတွေကိုပါ လုပ်ဆောင်လာကြတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ဒုက္ခသည်စခန်းတွေနဲ့ မလုံခြုံတဲ့ နယ်စပ်ဒေသ ယိုယွင်းနေတဲ့ အခြေအနေတွေဟာ အဆိုပါ လက်နက်ကိုင်အဖွဲ့တွေအတွက် လူသစ်ပိုမို စုဆောင်းလာနိုင်စေဖို့၊ အင်အားကောင်းလာစေ ဖို့နဲ့ ညှဉ်းပန်းမှုတွေ ဆက်လက်ကျူးလွန်နိုင်စေ ဖို့ အခြေအနေပေးလျက်ရှိတယ်လို့ အသိပေးထားပါတယ်။
လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်ချက်လို့ ယူဆရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းတွေက မွတ်ဆလင် (ရိုဟင်ဂျာ) ဒုက္ခသည်တွေ သတ်ဖြတ်ခံရမှုမှာ တစ်နှစ်ပြီး တစ်နှစ် ဆက်တိုက် ဖြစ်ပွားနေဆဲဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ၂၂ ယောက်၊ ၂ဝ၂၂ ခုနှစ်မှာ ၄၂ ယောက်၊ ၂ဝ၂၃ ခုနှစ်မှာ အနည်းဆုံး ၉၀ ယောက်နဲ့ ၂၀၂၄ ခုနှစ်မှာ ၆၅ ယောက်ထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ အစီရင်ခံက ဖော်ပြပါတယ်။
မွတ်ဆလင်(ရိုဟင်ဂျာ) လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အစပိုင်းမှာ မြန်မာစစ်တပ်ကို တိုက်ခိုက်မယ့်ဟန်ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရက္ခိုင့်တပ်တော်(AA)ကို တန်ပြန်တိုက်ခိုက်ဖို့အတွက် မြန်မာစစ်တပ်နဲ့ မဟာမိတ်တွေအဖြစ် ပြောင်းလဲသွားခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လှုပ်ရှားနေတဲ့ မွတ်ဆလင်(ရိုဟင်ဂျာ) လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ မြန်မာပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်နေပြီး၊ ၎င်းတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေကို ပြန်ပေးဆွဲပြီး မြန်မာပြည်မှာ အတင်းအကျပ် စစ်တိုက်ခိုင်းတဲ့ဖြစ်စဉ်တွေရှိနေတယ်လို့လည်း အစီအရင်ခံစာက အသိပေးထားပါတယ်။
ဒါကြောင့် အန္တရာယ်ကြုံတွေ့နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လုံခြုံတဲ့ အိမ်နေရာထိုင်ခင်းတွေအပါအဝင် လုံခြုံစိတ်ချရတဲ့ နေရာတွေ ဖန်တီးပေးရေး လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်၊ အသက်မွေး ဝမ်းကျောင်းခွင့်နဲ့ ပညာသင်ယူခွင့်တွေကို ပေးအပ်ဖို့ကိုလည်း ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရကို Fortify Rightsက အကြံပြုထားပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကိုလာရောက်ခိုလှုံတဲ့ မွတ်ဆလင်(ရိုဟင်ဂျာ)တွေကို ကာကွယ်ပေးဖို့နဲ့ မြန်မာနိုင်ငံကို ပြန်ပို့ခြင်းတွေရပ်တန့်ဖို့ ၎င်းရဲ့ နယ်ခြားစောင့်တပ်တွေကို အမိန့်ထုတ်သင့်တာ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မွတ်ဆလင်(ရိုဟင်ဂျာ)တွေဟာ ရခိုင်ပြည်အတွင်းက လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့အတူ ဖြစ်ပွားနေဆဲဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာမှုကြောင့် အသက်ဘေးက လွတ်မြော က် ဖို့ ဆက်လက် ထွက်ပြေးနေရဆဲဖြစ်ပြီး၊ ဒုက္ခသည်အတွက် အသက်အန္တရာယ်ရှိနေတဲ့ နိုင်ငံကို အတင်းအဓမ္မ ပြန်ပို့ခြင်း မခံရသင့်ဘူးလို့လည်း Fortify Rightsက ထုတ်ပြန်ထားပါတယ်။
မွတ်ဆလင်(ရိုဟင်ဂျာ)တွေအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ ပံ့ပိုးပေးသင့်ပြီး အန္တရာယ် ပိုကျရောက်နိုင်ချေရှိသူတွေကိာ ဦးစားပေးမယ့် တတိယနိုင်ငံကို ပြောင်းရွှေ့နေရာချထားရေး အစီအစဉ်တွေကို တိုးမြှင့် လုပ်ဆောင်ပေးသင့်တယ်လို့လည်း Fortify Rightsကအကြံပြုထားပါသေးတယ်။