
ကျပ်ငွေ ၉၆ ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးဟာ အာရက္ခတပ်တော် အနေနဲ့ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပြောဆိုချက်ဟာ လုံးဝယုတ္တိမရှိသလို နိုင်ငံရေးအရ စွပ်စွဲ သိက္ခာချခြင်းသာ ဖြစ်တယ်လို့ မတ်လ ၁၉ ရက်နေ့ မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က သတင်းထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့် သတင်းမီဒီယာတွေက ရန်ကုန်မှာ မတ်လ ၆ ရက်နေ့က မြန်မာကျပ်ငွေ ၉၆ ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေနဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့တစ်ခုကိုဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပြီး အဲဒီ မူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့ကနေ ရန်ကုန်ကို ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး ရန်ကုန် ကနေ မလေးရှားပြင်လယ်ပြင်ကို ချိတ်ဆက်ရောင်းချတဲ့ နေရာမှာ အာရက္ခတပ်တော်(အေအေ)ရဲ့ စီးပွားရေးတာဝန်ခံ ကိုရဲဝင်း(ခ) ကိုကျော်စိုးလင်းနဲ့ ဇနီးဖြစ်သူ မသီတာမြင့်တို့က စီမံလုပ်ဆောင်နေ
တဲ့ အတွက် ဒီမူးယစ်ဆေးဝါးတွေဟာ အေအေ နဲ့ ဆက်စပ်နေတယ်ဆိုပြီးတော့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေကနေ မတ်လ ၁၈ ရက်နေ့ နဲ့ ၁၉ ရက်နေ့မှာ စွပ်စွဲ ပြောဆို ဖော်ပြ ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီလို စစ်ကောင်စီပြောဆိုမှုတွေဟာ ယုတ္တိလုံးဝမရှိတဲ့အပြင် နိုင်ငံရေးအရ သိက္ခာချ စွပ်စွဲချက်တစ်ခုသာဖြစ်ပြီးတော့ ဒီကိစ္စမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) အနေ နဲ့ ဒီကိစ္စမှာ လုံးဝပါဝင်ပတ်သက်မှု မရှိဘူးလို့ မတ်လ ၁၉ ရက်နေ့မှာ ငြင်းချက်ထုတ်ကာ ထုတ်ပြန်ပြောဆိုလာခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီအနေ နဲ့ အခုလို ကိုစွပ်စွဲပြောဆိုတာဟာ ပြည်တွင်း အိမ်နီးချင်းနိုင်ငံတွေ နဲ့ နိုင်ငံတကာအလယ်မှာ အရှက်ရနေတဲ့ အပြင် အာရက္ခတပ်တော် အေအေ ဆီမှာ စစ်ရေး အရှုံးနဲ့ဆက်တိုက်ရင်ဆိုင်လာနေရတာကြောင့် ရှက်ရမ်းရမ်းကာ အငြိုးတကြီးနဲ့ နိုင်ငံရေး အရ ထိုးနှက်မှု တစ်ခုလို့သာ ရှုမြင်သုံးသပ်မိတယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် တစ်ဖက်မှာလည်း ဒီလို ဒုစရိုက်မှုတွေ အွန်လိုင်းလိမ်လည်လောင်းစကား နဲ့ ကျားဖြန့်ကိစ္စတွေဟာ စစ်ကောင်စီ ထိန်ချုပ်ထားဆဲ ဖြစ်တဲ့ နေပြည်တော် ၊ရန်ကုန်၊မန္တလေးလို နေရာတွေက ခေါတ်အဆက်ဆက်ကတည်းကပင် စစ်ကောင်စီ လက်သပ်မွေးထားတဲ့ ပြည်သူ့စစ်ကြီးစိုးထိန်းချုပ်ရာနေရာ၊စစ်ဗိုလ်ချုပ်ကြီးတွေ ပိုင်ဆိုင်တဲ့ နေရာတွေမှာသာ အမြဲတွေ့ရလေ့ ရှိတယ်လို့လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ကဆိုထားပါတယ်။
တဖက်မှာလည်း ဒီလို လောင်းကစား၊မူးယစ်ဆေး ကိစ္စရပ်တွေမှာ စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ကြီးတွေ ပါဝင်နေတယ်ဆိုတဲ့ အချက်အလက်တွေကို ငြင်းမရတဲ့ သက်သေ အချက်အလက်တွေ နဲ့ တကွ သက်သေခံ ရှိနေတယ်ဆိုတာကိုလည်း ကမ္ဘာက အသိဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
စစ်အစိုးရတွေ အနေ နဲ့ အရင်ခေါက်အဆက်ဆက်ကတည်းကပင်လည်း သူတို့ကို တော်လှန်ပုန်ကန်တဲ့ သူတွေကို ညှိနှိုင်းဆွေးနွေးဖို့မလိုတဲ့ ရန်ဘက်တွေလို့ အမြဲသတ်မှတ်ထားပြီးတော့ ကြီးမားတဲ့ တုန့်ပြန်မှုတွေ အနေ နဲ့ သတင်းမှား အမျိုးမျိုး လုပ်ကာတိုက်ခိုက်မှုပေါင်းစုံ နဲ့ သတင်းမီဒီယာ ၊ရုပ်သံ စတာတွေ နဲ့ လုပ်ကြံဖန်တီးတိုက်ခိုက်ခဲ့တာဟာလည်း ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ရပြီး ဖြစ်တယ်လို့ လည်းဆိုထားပါတယ်။
ဥပမာအနေ နဲ့ ပြောရရင်တော့ စစ်ကောင်စီဟာတိုင်ရင်းသားလက်နက်ကိုင်တွေ ဖြစ်ကြတဲ့ KNU ၊ KIO ၊ MNDAA စတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ တိုက်ပွဲပြန်ထန်ပြီး စစ်ရေး အရှုံးနဲ့ ရင်ဆိုင်လာရချိန်မှာ ဘယ်ကိစ္စတွေကိုမဆို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို အပြစ်ပုံချကာ နိုင်ငံရေးအောက်လုံးတွေ နဲ့ ထိုးနှက် သိက္ခာချတာတွေကို စစ်အစိုးရ အဆက်ဆက် ကတည်းကပင် အချိန်ကိုက်လုပ်လေ့ လုပ်ထရှိနေတဲ့ နိုင်ငံရေးယုတ်မာမှု တစ်ခုဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီဟာ မြန်မာတစ်နိုင်ငံလုံးက စစ်ရေးအတွက် အရေးပါတဲ့ တိုင်းစစ်ဌာနချုပ်တွေ ၊ ဗျူဟာစခန်းတွေ၊တပ်မ ၊တပ်ရင်းဌာနချုပ်တွေ တစ်ခုပြီးတစ်ခု ဆုံးရှုံးလာရချိန်မှာ သူတို့ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးကိစ္စ နဲ့ အတင်းဆက်စပ်ပြီးတော့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ကို နိုင်ငံရေး အရ သတင်းရေးသားထုတ်ဝေကာ နိုင်ငံရေး အောက်လုံးတွေ နဲ့ တိုက်ခိုက်နေတာသာ ဖြစ်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တုန့်ပြန်ပြောဆိုထားပါတယ်။