CNA ၊လင်းလင်း။
ပုဏ္ဏားကျွန်း မြို့နယ်၊အောင်ဖြူပြင်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သား ၃ ဦးသေဆုံးခဲ့ရပြီးတော့ ၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက လူမှုကူညီရေး အဖွဲ့အစည်းတွေက ပြောပါတယ်။
တိုက်ပွဲတစ်စုံတရာမရှိပဲ အာရက္ခတပ်တော်ထိန်းချုပ်မှု အောက်မှာ ငြိမ်းချမ်းစွာနေထိုင်နေကြတဲ့ ပုဏ္ဏားကျွန်း မြို့နယ်အတွင်းက အောင်ဖြူပြင်ရွာ စစ်ကောင်စီက မနေ့က မတ်လ ၂၅ ရက်နေ့ ညနေ ၇ နာရီလောက်မှာ လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာပါ။


သေဆုံးသွားတဲ့ သူတွေကတော့ ပုဏ္ဏားကျွန်း မြို့နယ်၊အောင်ဖြူပြင်ကျေးရွာအတွင်းမှာ စစ်ဘေးရှောင်ဖို့ ရောက်ရှိနေကြတဲ့ လိပ်ကုန်းပြင်ရပ်ကွက်က အသက် ၅၃ နှစ်အရွယ် ဦးသန်မောင် နဲ့ ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်မရီ သားဖြစ်သူ အသက် ၁၉ နှစ်အရွယ် မောင်သက်နိုင်တို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိသူတွေထံမှာတော့ ကလေး ၅ ဦး ၊ အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး ၇ ဦး ပါဝင်ပြီး လက်ရှိ အဲဒီဒဏ်ရာရတဲ့ သူတွေကိုလည်း အရေးပေါ် ဆေးဝါးကုသပေးတာတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြိုနယ် အတွင်းက ကျော်ဇံကျေးရွာကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်တိုင်တိုင်ဗုံးကြဲတိုက်ခိုက်ခိုက်တာကို လုပ်ဆောင်ခဲ့ပါတယ်။
ရခိုင်က အာရက္ခတပ်တော်ဆီမှာ စစ်ရေးအရှုံးနဲ့ နယ်မြေ အများအပြားလက်လွတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာ အခုနောက်ပိုင်းမှာ အရပ်သားပြည်သူ နဲ့ စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်တာကို မကြာခဏဆိုသလို ဆက်တိုက်လုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။